Salai Van Cung Lian ih “Chin Phunpi Ni” Thuanthu (Kawl Ca)

ဆလိုင်းဗန်ကျုံးလျန် (ယူကေ)
ချင်းအမျိုးသားနေ့အားဖြင့် ချင်းလူမျိုးတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး အတွင်းတွင် နေထိုင်ကြသော လူမျိုးဖြစ်ကြောင်း၊ ချင်းလူမျိုးများသည် ကိုယ်ပိုင်နယ်မြေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ စာပေ နှင့် ကိုယ်ပိုင် ရိုးရာထုံးတမ်းဓလေ့ ပိုင်ဆိုင်သော လူမျိုးဖြစ်ကြောင်းကို ပြသနိုင်သည့်နေ့လည်း ဖြစ်သည်။

ယနေ့အချိန်တွင် ချင်းအမျိုးသားနေ့အကြောင်း ပြောဆိုရာတွင် အဓိပ္ပါယ်ဖွင့်ဆိုပုံချင်း မတူကြပေ။ အချို့က… ပဒေသရာဇ်စနစ်မှ ဒီမိုကရေစီစနစ် ပြောင်းလဲအသုံးပြုရန် ဆုံးဖြတ်သည့်နေ့၊ ချင်းပြည်အတွက် ပဒေသရာဇ်စနစ်မှ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရန် ဆုံးဖြတ်ရာတွင် ချင်းပြည် အရပ်ရပ်မှ လူထုဦးရေ ၅၀၀၀ ခန့်တက်ရောက်ပြီး ဆုံးဖြတ်သည့်အတွက် စည်းလုံးမှု ပြယုဂ်ဖြစ်သည့်နေ့၊ အချို့ကမူ… ဖေဖော်ဝါရီ ၂၀ ရက်နေ့သည် ချင်းသမိုင်းတစ်လျှောက်တွင် ချင်းအမျိုးသားများအတွက် အရေးကြီးသည့် နေ့ရက်ဖြစ်သောကြောင့် ချင်းအမျိုးသားနေ့ ကျင်းပရခြင်းဖြစ်ကြောင်းစသဖြင့် အမျိုးအမျိုး ရေးသားပြောဆိုကြသည်။

ချင်းအမျိုးသားနေ့သည် ၁၉၅၀ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင်ကျင်းပသော ချင်းရေးရာကောင်စီအစည်းအဝေး ဆုံးဖြတ်ချက်မှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထို့ကြောင့် ချင်းအမျိုးသားနေ့အား သမိုင်းရှုထောင့်မှ ကြည့်မည်ဆိုလျင် ၁၉၅၀ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင်ကျင်းပသော ချင်းရေးရာကောင်စီအစည်းအဝေးတွင် ချင်းအမျိုးသားခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်သည် အဓိကကျသည်ဟု ယူဆပါသည်။ ထိုအစည်းအဝေးတွင် ဘာကြောင့် ချင်းလူမျိုးတို့အတွက် အမျိုးသားနေ့ ရှိဖို့လိုအပ်ကြောင်း၊ ချင်းအမျိုးသားနေ့အတွက် ချင်းသမိုင်းထဲတွင် အရေးကြီးသည့် နေ့ရက်တရက် ရွေးချယ်ပြီး ထိုနေ့ကို ချင်းအမျိုးသားနေ့အဖြစ် နှစ်စဉ်ကျင်းပရန် ဆုံးဖြတ်ခဲ့သည့် အချက်များသည် အဓိကကျသည်ဟု ယူဆပါသည်။

ဦးဝမ္မသူးမောင်းခေါင်းဆောင်သည့် ချင်းရေးရာကောင်စီမှ ချင်းလူမျိုးခေါင်းဆောင်ကြီးများ စတင်အကောင်ထည်ဖော်ခဲ့သည့် ချင်းအမျိုးသားနေ့သည် ခေတ်အဆက်အဆက် နိုင်ငံရေးပြောင်းလဲမှုကြောင့် စိန်ခေါ်မှုများစွာဖြင့်ရင်ဆိုင်ခဲ့ရသည်။ ပါလီမာန်ဒီမိုကရေစီခေတ်၊ တော်လှန်ရေးကောင်စီအစိုးရခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် တည်ဆောက်ရေးခေတ်၊ နို်င်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်များတွင် ချင်းအမျိုးသားနေ့အား အခြားနေ့ကို သတ်မှတ်ရန်၊ ချင်းအမျိုးသားနေ့ ကျင်းပခြင်းကို ပိတ်ပင်ရန်၊ ၀ိသေသတိုင်းနေ့ (သို့) ပြည်နယ်နေ့ အဖြစ်သာ ကျင်းပရန် ဖိအားပေးပြောင်းလဲရန် ကြိုးပမ်းမှုများရှိခဲ့သည်။

ထို့ကြောင့် ချင်းအမျိုးသားနေ့အကြောင်း ရေးသားရာတွင် ၁၉၅၀ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင်ကျင်းပသော ချင်းရေးရာကောင်စီအစည်းအဝေး၏ ဆွေးနွေးချက်နှင့် ဆုံးဖြတ်ချက်မှတ်တမ်းများအကြောင်း၊ ချင်းအမျိုးသားနေ့ ကျင်းပနိုင်ရန်အတွက် ချင်းခေါင်းဆောင်များ ရွေးချယ်ခဲ့သည့် နေ့ရက်ဖြစ်သော ဖလမ်းမြို့ရှိ လွတ်လပ်ရေးအောင်ပွဲ အခမ်းအနား နှင့် လူထုညီလာခံအကြောင်း၊ ခေတ်အဆက်ဆက် ချင်းအမျိုးသားနေ့ လှမ်းခဲ့ရသည့် ခြေလှမ်းများအကြောင်း ဖော်ပြသွားမည်ဖြစ်သည်။

လွတ်လပ်ပြီးခေတ် ချင်းရေးရာဌာန၏ ကြိုးပမ်းမှုများ
*****************************************
၁၉၅၀ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ ချင်းရေးရာကောင်စီ အစည်းအဝေးအကြောင်း မဖော်ပြမီ ချင်းရေးရာဌာန၏ လွတ်လပ်ပြီးကာလ ကြိုးပမ်းချက်များအား ဖော်ပြလိုပါသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရရှိခဲ့သည်။ ၁၉၄၇ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေအပိုဒ်– ၅၊ ချင်းဝိသေသတိုင်း အခန်း၊ ပုဒ်မ– ၁၉၆၊ ၁၉၇၊ ၁၉၈ တို့အရ ချင်းရေးရာကောင်စီ၊ ချင်းရေးရာဌာနနှင့် ချင်းရေးရာဝန်ကြီးတို့ ပေါ်ပေါက်လာခဲ့ပါသည်။

ချင်းရေးရာဝန်ကြီး ဦးဝမ္မသူးမောင်း ခေါင်းဆောင်သည့် ချင်းရေးရာဌာနသည် ချင်းတောင်တန်းတွင် ရှေးပဝေသဏီခေတ်အဆက်ဆက်မှ ဗြိတိသျှခေတ်အထိ အသုံးပြုလာခဲ့သည့် စနစ်ဟောင်းကို ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဖြင့် အစားထိုးအုပ်ချူပ်ရန် ပထမဦးဆုံးသောလုပ်ငန်းအဖြစ် ကြိုးစားဆောင် ရွက်ခဲ့သည်။ ချင်းရေးရာဝန်ကြီးဌာနမှ ဇန်နဝါရီလ ၂၂ရက်နေ့၊ ၁၉၄၈ခုနှစ်တွင် အစိုးရဝန်ကြီးအဖွဲ့ထံ ချင်းတောင်စုံစမ်းရေးကော်မရှင်ဖွဲ့ကို ဖွဲ့စည်းပေးရန် တင်ပြခဲ့သဖြင့် ဖေဖော်ဝါရီလ ၆ရက်နေ့ ၁၉၄၈ ခုနှစ်တွင် ထိုစုံစမ်းရေးကော်မရှင်အား ဖွဲ့စည်းခဲ့ပါသည်။ ကော်မရှင်အဖွဲ့တွင် ဥက္ကဌအဖြစ် ချင်းရေးရာဝန်ကြီး ဦးဝမ္မသူးမောင်း၊ အတွင်းရေးမှူးအဖြစ် နယ်ခြားအုပ်ချုပ်ရေးဌာန တိုင်းမင်းကြီး စည်သူ ဦးသိမ်းမောင်(အေ-တီ-အမ်၊ယခင်ချင်းတောင်တန်းအရေးပိုင်မင်း) နှင့် အဖွဲ့ဝင်အဖြစ် ဦးစိုးဝင်း (အမျိုးသား ပညာဝန်ဟောင်း)တို့ပါဝင်ကြသည်။

ကော်မရှင်၏ အဓိကရည်ရွယ်ချက်နှင့် လုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်သည် ။
 တိုက်သူကြီးများနှင့် သူကြီးများခံစားရသော စိတ်သဘောထားကို တိကျစွာစူးစမ်းရှာဖွေရန်
 တိုက်သူကြီများ ကောက်ခံလျက်ရှိသော အခွန်တော်ပပျောက်ရေးကို လှုံ့ဆော်ကြွေးကြော် လျက်ရှိသည့် လုပ်ငန်းများအပေါ်တွင် လူထု၏ဆန္ဒကိုစုံစမ်းရန််
 အခြားတစ်ဖက်တွင် ထိုသို့ဖြုတ်ချရာ၌ အစိုးရတွင် တတ်နိုင်သမျှငွေကုန်ကြေးကျသက်သာစေရန်
 အစိုးရအုပ်ချုပ်ရေး ပြောင်းလဲရာ၌ အစိုးရအုပ်ချုပ်ရေးအဖွဲ့၏ အကျိုးကိုမထိခိုက်စေရန် နည်းလမ်းများရှာဖွေ၍ အစိုးရထံသို့ အစီရင်ခံစာနှင့်တကွ ထင်မြင်ယူဆချက်နှင့် ထောက်ခံချက်တို့ကိုပါ တင်သွင်းရန်
ကော်မရှင်သည် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၂-၁၈ ရက်များတွင် တီးတိန်မြို့နယ်၊ ဖလမ်းမြို့နယ်နှင့် ဟားခါးမြို့နယ်တို့တွင် လူထုကိုယ်စားလှယ်၊ တိုက်အုပ်၊ သူကြီးများနှင့် တွေ့ဆုံကာ ၎င်းတို့၏ ဆန္ဒကိုစုံစမ်းစစ်ဆေးခဲ့သည်။ စုံစမ်းရေးကော်မတီသည် ဖလမ်းမြို့တွင် ကျင်းပမည့် လွတ်လပ်ရေးနေ့ အောင်ပွဲအခမ်းအနား အတွင်းတွင်လည်း လူထုနှင့်တွေ့စုံရန် စီစဉ်ခဲ့ကြသည်။

ဖလမ်းမြို့ လွတ်လပ်ရေးနေ့အောင်ပွဲသဘင် အခမ်းအနားနှင့် လူထုညီလာခံကြီး
************************************************************
ထိုသို့ စုံစမ်းစစ်ဆေးစစ်ဆေးမှုများ ပြုလုပ်နေစဉ် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၉ မှ ၂၂ ရက်အထိ ဖလမ်းမြို့တွင်ကျင်းပသည့် လွတ်လပ်ရေးနေ့ အောင်ပွဲသဘင်အခမ်းအနားနှင့် လူထုညီလာခံကြီး ကျင်းပသည့်ရက်မှာ တိုက်ဆိုင်ခဲ့ပါသည်။ လူထုအများစုသည် ဖလမ်းမြို့တွင် ကျင်းပပြုလုပ်သည့် လူထုညီလာခံသည် တိုက်သူကြီးများအား ဖြုတ်ချနိုင်ရေးအတွက် လူထုဆန္ဒကောက်ခံရန် ကျင်းပခြင်းဖြစ်သည်ဟု ထင်မှတ်ခဲ့ကြသည်။ ဧကန်အမှန်ဆိုရပါမူ ဤညီလာခံသည် လွတ်လပ် ရေးအောင်ပွဲသဘင် အခမ်းအနားကျင်းပရန်အတွက် ရည်စူးစီစဉ်ခဲ့ကြရခြင်းသာဖြစ်သည်။

လွတ်လပ်ရေးသည် ဇန်နဝါရီ (၄) ရက်နေ့တွင် ရရှိခဲ့သည်မှန်သော်လည်း ဖလမ်းမြို့သို့ ပြည်ထောင်စုသမ္မတ စပ်ရွှေသိုက်နှင့်တကွ နိုင်ငံတော်အကြီးအကဲများ တက်ရောက်ရန် အစီအစဉ် ရှိနေခြင်းကြောင့် ဖေဖော်ဝါရီလ ၁၉ မှ ၂၂ ရက်နေ့တွင် အခမ်းအနားကို စီစဉ်ကျင်းပရခြင်း ဖြစ်သည်။ ဤညီလာခံကျင်းပရန်အတွက် အစိုးရမှဘက်ဂျက် ၂၁၀၀၀ ရူပီကို သတ်မှတ် လျာထားပေးခဲ့သည် ။ အစိုးရမှ ငွေကြေးပမာဏ အများအပြားပင် ကူညီးပံ့ပိုးထားခြင်းဖြစ်သည်။ ထိုခေတ်ကာလတွင် စစ်သားတစ်ဦး၏လစာသည် တစ်လလျင် ရူပီ-၁၅၊ အစိုးရဝန်ထမ်း၏ ပျမ်းမျှတစ်လဝင်ငွေမှာ ရူပီ ၃ဝဖြစ်ပြီး နွားနောက် တစ်ကောင်၏ တန်ဖိုးသည် ရူပီ ၂၀ သာရှိသည်။ ယင်းသမိုင်းတွန်ကြူးသည့် အခမ်းအနားသို့ ပြည်ထောင်စု သမ္မတစပ်ရွှေသိုက် ကိုယ်တိုင်တက် ရောက်ချီးမြှင့်ခဲ့သည်။

ယင်းအစည်းအဝေးသို့ တက်ရောက်သည့် လူဦးရေပမာဏ ၅၀၀၀ ကျော်ရှိသည်မှာလည်း လူထုအများစုက သံသယရှိကြသည်။ လူထု ၅၀၀၀ ကျော်တက်ရောက်သည်မှာ အမှန်ဧကန် မုချပင်ဖြစ်သည်။ ထိုအချိန် ချင်းတောင်အရေးပိုင်မင်း ဦးတွာန်မှုန်း၏ နှစ်စဉ်အစီရင်ခံစာတွင် ရှင်းလင်းစွာဖော်ပြထားသည်မှာ ဧည့်သည်စုစုပေါင်း ၅ဝဝဝခန့်ရှိပြီး ချင်းတောင်ကဲ့သို့သော နေရာမျိုးတွင် ထိုမျှလောက်သော လူဦးရေသည် နည်းသည့် အရေအတွက် မဟုတ်ဟု ဆိုထားပါသည်။

၎င်းအစီရင်ခံစာတွင် စိတ်ဝင်စားဖွယ်အကောင်းဆုံးမှာကား ချင်းသမိုင်း တစ်လျှောက်လုံးတွင် ပထမဦးဆုံးအကြိမ်အဖြစ် ပါဝင်တက်ရောက်လာကြသည့် ကန်ပက်လက် နှင့် ပလက်ဝ (ထိုအချိန်က Arakan Hill Tracts) နယ်မှ ကိုယ်စားလှယ်များအကြောင်းကို အထူး အလေးပေးဖော်ပြထားခြင်းပင်ဖြစ်သည်။ ပလက်ဝနယ်မှ ကိုယ်စားလှယ်တစ်ဦးသည် ခြေလျင်ခရီးဖြင့် ဖလမ်းသို့ အရောက်လျှောက်လာခဲ့သည်။ ထိုအတူ ကန်ပက်လက်၊ တီးတိန်၊ ဟားခါးနှင့် မတူပီ ကိုယ်စားလှယ်များသည်လည်း ခြေလျှင်ခရီးဖြင့်သာ အခမ်းအနားသို့ တက်ရောက် ခဲ့ကြခြင်းဖြစ်သည်။ ဖလမ်းနယ်မှ တိုက်သူကြီးများသည်လည်း မိမိတို့အုပ်ချုပ်သော တိုက်နယ်အသီးသီးမှ ရွာသူ၊ သားများအား ညီလာခံသို့ တက်ရောက်ရန် နှိုးဆော်ခဲ့ကြသည်။

ဖလမ်းညီလာခံ လူထုအစည်အဝေးမှ ဆုံးဖြတ်ချက်
****************************************
ဖေဖော်ဝါရီ ၂၀၊၂၊၁၉၄၈ ခုနှစ်တွင် ဖလမ်းမြို့တွင်ကျင်းပသည့် အစည်းအဝေးတွင် အကြောင်း အရာများစွာကို ဆွေးနွေးခဲ့ကြသည်။ ဖေဖော်ဝါရီ ၂၀ ရက်နေ့အစီအစဉ်တွင် ပညာရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ များကိုဆွေးနွေးကြသည်။ အစကနဦး ဆွေးနွေးရာ တွင် မျိုးနွယ်စုအကြီးအကဲထဲမှ ကိုယ်စားလှယ်တစ်ဦး၊ လူထုမှကိုယ်စားလှယ်တစ်ဦးနှင့် တစ်နယ် လျှင် နယ်ဝန်ထောက်တစ်ဦးစီသာ ပြောဆိုနွေးဆွေးရန် သတ်မှတ်ထားသော်လည်း၊ နောက်ပိုင်း တွင် လူထုများစွာပါဝင် ဆွေးနွေးကြတော့သည်။ ထို့နောက် လူအများစောင့်ဆိုင်းနေကြသော အုပ်ချုပ်ရေးစနစ်အား ဒီမိုကရေစီအုပ်ချူပ်ရေးစနစ်ဖြင့် အစားထိုးရန် တီးတိန် နယ်မှ ဦးထောင်းဇာခိုင် (Pu Thawng Za Khai)က အဆိုတင်သွင်းရာ ဖလမ်းမြို့မှ ဦးဆွမ်းမန် (Pu Sum Mang)နှင့် ကန်ပက်လက်မှ ဦးထန်းမောင်း (Pu Thang Mawng) တို့ကထောက်ခံကြသည်။ အဆိုကို အချိန်အတော်တန်ကြာအောင် တက်တက်ကြွကြွ ဆွေးနွေးကြရာ ကန့်ကွက်သူများ ရှိနေသဖြင့် ဒီမိုကရေစီနည်းကျ မဲခွဲဆုံးဖြတ်ရန် အခမ်းအနား၏ သဘာပတိကဆိုသဖြင့် မဲခွဲဆုံး ဖြတ်ခဲ့ကြသည်။ အဆိုကို ထောက်ခံမဲ ၅၀၀၀ နှင့် ကန့်ကွက်မဲ ၁၇ မဲဖြင့်အတည်ပြုခဲ့ကြသည်။

ဖလမ်းမြို့ လွတ်လပ်ရေးအောင်ပွဲညီလာခံနှင့်စပ်လျဉ်း၍ ထိုအချိန်က ချင်းဝိသေသတိုင်း အရေး ပိုင်မင်း (Deputy Commissioner) Pu R. Tuang Hmung ၏ အစီရင်ခံစာ (Annual Report for 1948) တွင်…..“မြို့နယ်တစ်ခုချင်းထံမှ ငွေသား ၂၀၀၀ စီ ပါဝင်ကြသည်။ ဖလမ်းမြို့ရှိ ပြည်သူ့ရင်ပြင်(ယခု ဟရန်ထီးယိုး အားကစားကွင်း)တွင် ရိုးရာအကများနှင့် ရိုးရာခေါင်ရည်များ သောက်သုံးကြသည်။ ချင်းသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပြည်မမှ အငြိမ့်အကအဖွဲ့ ကလည်း ချင်းပြည်သူများအား ဖျော်ဖြေကြသည်။ နောက်တစ်နေ့ (ဖေဖော်ဝါရီ ၂၀)တွင် အစိုးရမှဦး ဆောင်ကာ လွတ်လပ်ရေး အောင်ပွဲအတွက် လူထုအစည်းအဝေးကြီးပြုလုပ်ကြသည်။ ချင်းဝိသေသတိုင်းတစ်ခုလုံးမှ ကိုယ်စားလှယ်များလည်း တက်ရောက်ကြသည်။ နိုင်ငံတော် သမ္မတ စပ်ရွှေသိုက်၊ ချင်းရေးရာဝန်ကြီး ဦးဝမ္မသူးမောင်း၊ ဝန်ကြီးဦးညိုထွန်းနှင့် တိုင်းမင်းကြီး စည်သူဦး သိမ်းမောင်တို့လည်း တက်ရောက်ကြသည်။ ချင်းသမိုင်းတွင် ပထမဦးဆုံးကြိမ်အဖြစ် ကန်ပက်လက်နှင့် ပလက်ဝ(ထိုအချိန်က ရခိုင်တောင်တန်း)နယ်တို့မှ ကိုယ်စားလှယ်များလည်း ပါဝင်လာကြသည်။

တက်ရောက်လာကြသောဧည့်သည်များမှာ ၅၀၀၀ ဦးခန့်ရှိပြီး ချင်းတောင်ကဲ့ သို့သော နေရာမျိုးတွင် ယင်းကဲ့သို့ လူဦးရေများပြားစွာ ဧည့်သည်တော်များလက်ခံနိုင်ခြင်းကို အ့ံအားသင့်လောက်သည်။ ညီလာခံအတွက် အစိုးရမှ ဘက်ဂျက်ရူပီးငွေ၂၁၀၀၀ လျာထားသော် လည်း စုစုပေါင်းကုန်ကျစရိတ် မှာ ရူပီးငွေ ၄၀၀၀၀ ဖြစ်သည်။ ဤပွဲတော်သည် အောင်မြင်သော ပွဲတော်ဟု ထင်မှတ်ရပါသည်။ ပွဲတော်အပြီး တစ်နှစ်ကျော်အထိ ဂျစ်ကားသမားများ၊ အစားအ သောက်နှင့် အခြားဝန်ဆောင်မှုပေးခဲ့သည့် သူများမှာမူ ယခုအချိန်အထိ ပိုက်ဆံမရရှိခဲ့ကြသေးကြောင်း”… ၎င်းအစီရင်ခံစာတွင် မှတ်တမ်းတင်ထားသည်ကို တွေ့ရှိနိုင်သည်။

စုံစမ်းရေးကော်မရှင်အစီရင်ခံစာ တင်ပြခြင်းနှင့် ချင်းရေးရာကေင်စီ၏ အောင်မြင်မှုများ
*******************************************************************
စုံးစမ်းရေး ကော်မရှင်သည် ဖလမ်းလူထုအစည်းအဝေးကြီးအပြီး ဖေဖော်ဝါရီ ၂၂ မှ ၂၆ရက်နေ့အ ထိစည်းရုံးရေးလုပ်ငန်းများ ထပ်မံဆောင်ရွက်ခဲ့ကြပြီး လူထုအများစုက တိုက်သူကြီးများအုပ်ချုပ် သည့်စနစ်ကို ဒီမိုကရေစီအုပ်ချူပ်ရေးစနစ်ဖြင့် အစားထိုးရန်ဆန္ဒထုတ်ဖော်ခဲ့ကြသော်လည်း နှစ်ပေါင်းများစွာ အနည်ထိုင်လာသည့် နယ်ချဲ့အမွေဟောင်း အုပ်ချုပ်ရေးစနစ်အား ချက်ချင်း ပြောင်းလဲရန်မှာမူ မလွယ်ကူလှပေ။ ကော်မတီသည် အစိုးရဝန်ထမ်းများ၏ အယူအဆများ ကိုလည်း မေးမြန်းကြရတော့သည်။ ချင်းဝိသေသတိုင်းမှ နယ်ဝန်ထောက်များ၏ တရားဝင်အစည်း အဝေးကို ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင်ကျင်းပကြသည်။ ကော်မရှင်သည် ၎င်း၏အစီရင်ခံစာကို ၁၉၄၈ ခုနှစ် စက်တင် ဘာလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံတော် ဝန်ကြီးများအဖွဲသို့ တိုက်သူကြီးများအား မနစ်နာစေရန် ပင်စင်၊ ထောက်ပ့ံကြေးအချို့ကို ဝေပုံကျခွဲဝေပေးရန် ထောက်ခံတင်ပြခဲ့သည်။ ရှေးပဝေသဏီခေတ်ကတည်းက အသုံးပြုလာခဲ့သည့် ပဒေသရာဇ်အုပ် ချုပ်ရေးစနစ်ကို ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးစနစ်ဖြင့် အစားထိုးပြောင်းလဲရန် တင်သွင်း ခဲ့ကြသည်။ ထိုအစီရင်ခံစာသည် ချင်းတောင်တစ်ခွင်လုံးတွင် စုံးစမ်းမှုပြုလုပ်သည့် အဖြေများ ဖြစ်သည်နှင့်အညီ လူထုဆန္ဒကိုလည်းပေါ်လွင်စေသည်။

နိုင်ငံတော်အစိုးရဖက်မှလည်း အဆိုတင်သွင်းမှုများကို ထောက်ခံပြီး၊ ချင်းရေးရာကောင်စီက ၁၉၄၈ခုနှစ် ချင်းဝိသေသတိုင်း အက်ဥပဒေကို ၁၂-၁၀-၁၉၄၈ခုနှစ်တွင် ကျင်းပသည့် တိုင်းပြည်ပြုလွှတ်တော်(ပါလီမန်) ညီလာခံ က အက်ဥပဒေအဖြစ် အတည်ပြုဆုံး ဖြတ်ခဲ့ပါသည်။ ချင်းလူမျိုးများကိုယ်တိုင်ရေးဆွဲ အတည်ပြု ထားသော အက်ဥပဒေဖြင့် ဗြိတိသျှတို့ရေးဆွဲသော ၁၈၉၆ခုနှစ် ချင်းတောင်တန်းများစည်းမျဉ်း အက်ဥပဒေကို အစားထိုး ဖျက်သိမ်းခဲ့သည်။

ချင်းအမျိုးသားနေ့ အတွက် ရက်ရွေးချယ်ခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း နှင့် အတည်ပြုခြင်း
*******************************************************************
ဦးဝမ္မသူးမောင်းခေါင်းဆောင်သော ချင်းရေးရာကောင်စီသည် အုပ်ချုပ်ရေးပြောင်းလဲခြင်း၊ ချင်းတောင်ဖွ့ံဖြိုးရေးလုပ်ငန်များနှင့် ဒီမိုကရေစီကျင့်စဉ်များကို ပညာပေးဟောပြောခြင်း စသည့် လုပ်ငန်းများဖြင့် ၁၉၄၈-၄၉ အတွင်း ကြိုးစားလုံးပမ်းကြရသည်။ ချင်းလူမျိုးတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံတွင် မတူကွဲပြားမှုရှိနေသော်လည်း အရေးပါအရာရောက်သည့် လူမျိုးစုဖြစ်သည်နှင့် အညီ စည်းလုံးညီညွတ်ရေးသည် မရှိမဖြစ်အရေးတကြီးလိုအပ်ကြောင်းကို နားလည်းအသိအမှတ် ပြုလာကြသည်။

ထို့ကြောင့်ချင်းရေးရာကောင်စီသည် ပြန့်ကျဲနေထိုင်ကာ ကူးလူးဆက်ဆံမှု ကင်းကွာနေသော မိမိတို့၏လူမျိုးများကို နိုင်ငံရေးအင်အားစုတစ်ရပ်အဖြစ် ပြန်လည်စည်းရုံးနိုင်ရန် ‘ချင်းအမျိုးသားနေ့’ ကိုထားရှိရန်လိုအပ်ကြောင်းကို သိမြင်လာကြသည်။ ထို့ကြောင့် ၁၉၅ဝခုနှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် ကျင်းပသော ချင်းရေးရာကောင်စီ၏ သတ္တမအကြိမ်မြောက် ညီလာခံအစည်းအဝေး ပထမနေ့တွင် ချင်းရေးရာဝန်ကြီး ဦးဝမ္မသူးမောင်းမှ ချင်းအမျိုးသားနေ့ ရှိသင့်ကြောင်းအဆိုကိုတင်သွင်းခဲ့သည်။ ထိုအဆိုအရ ချင်းအမျိုးသားနေ့ သတ်မှတ်ရန်အတွက် နေ့ရက်တစ်ရက်ကို ရွေးချယ်ရန်နှင့် အတည်ပြုရန် ဖြစ်သည်။ ၁၉၅၀ အောက်တိုဘာလ ၉ ရက်နေ့တွင် ကျင်းပသော ချင်းရေးရာကောင်စီအစည်း အဝေးမှတ်တမ်း အဆိုအမှတ် (၂) တွင်
အဆိုအမှတ်(၂)။ ချင်းအမျိုးသားနေ့အဖြစ် ရွေးချယ်သတ်မှတ်ရန်ကိစ္စကိုဆွေးနွေး၍ အတည်ပြုရန်။
*************************************************************************
🔹ဦးဝမ္မသူးမောင်း(ချင်းရေးရာဝန်ကြီး၊ ကန်ပက်လက်နယ်အမတ်)။ ချင်းအမျိုးသားနေ့အဖြစ်သတ် မှတ်ရန် ဟူသော အဆိုကိုတင်သွင်းရခြင်းမှာ အမျိုးသားနေ့ဆိုတဲ့ အထိမ်းအမှတ်ကိုကမ္ဘာနဲ့ အဝှမ်း သတ်မှတ်ကြတဲ့ ထုံးတမ်းစဉ်လာရှိတဲ့အပြင် ချင်းအမျိုးသားတွေမှာလည်း ‘ချင်းအမျိုးသားနေ့” ရှိသင့်တယ်လို့ ယူဆတဲ့အတွက် ဒီအဆိုကိုတင်သွင်းရခြင်းဖြစ်ပါတယ်။
🔹ဦးဆံနိမ်း (မတူပီနယ်အမတ်)။ ချင်းအမျိုးသားနေ့ ဟုသတ်မှတ်ရန်အတွက် ဤအဆိုကို ထောက်ခံပါတယ်။
🔹ဦးဝမ္မသူးမောင်း။ ချင်းအမျိုးသားနေ့သတ်မှတ်ဖို့ ကိစ္စနဲ့စပ်လျဉ်းပြီး အနည်းငယ်ပြောလိုပါတယ်။ ဒီကိစ္စနဲ့ပက်သက်လို့ ချင်းဝိသေသတိုင်းမင်းကြီး အခြားပုဂ္ဂိုလ်တွေနဲ့ နေ့သုံးနေ့ကိုမူတည်ပြီး ဆွေးနွေးခဲ့ဖူးပါတယ်။ အပြီးသတ်ဆုံးဖြတ် အတည်မပြုရသေးပါဘူး၊ အဲဒီနေ့သုံးနေ့ကတော့
• ပထမ – မေမြို့ကို စုံစမ်းရေး (အင်ကွာရီ) ကော်မတီ စေလွှတ်တဲ့နေ့။
• ဒုတိယ- ချိ(ဖ်) (Chief) ခေါ်တိုက်သူကြီးတို့ အုပ်ချုပ်မှုလက်အောက်ကနေ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သစ်ကို ပြောင်းလဲခဲ့တဲ့ ဖလမ်းမြို့မှ လူထုညီလာခံကျင်းပတဲ့ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ (၂၀) ရက်နေ့။
• တတိယ- ချင်းဝိသေသတိုင်းအက်ဥပဒေပြဌာန်းအတည်ပြုတဲ့နေ့။
အဲဒီသုံးရက်အနက် မည်သည့်နေ့ကို ပြဋ္ဌာန်းသင့်တယ်ဆိုတာ ဆွေးနွေးပြီး (ဤအစည်းအဝေးတွင်) အတည်ပြုဖို့ဖြစ်ပါတယ်။
🔹ကပ္ပတိန်မန်သုန်းနုန်း(တီးတိန်နယ်အမတ်)။ သဘာပတိကြီးခင်ဗျား… ဒီအဆိုနဲ့ ပက်သက်ပြီး ကျွန်တော်နဲနဲဝေဖန်ချင်ပါတယ်။ ၁၉၄၆ ခုနှစ် မတ်လ ပင်လုံကွန်ဖရင့်၊ ၁၉၄ရခုနှစ် ဇန်နဝါရီလ ကုန်ခါနီး ဖေဖော်ဝါရီလမှာ ဒုတိယပင်လုံကွန်ဖရင့်၊ ၁၉၄ရခုနှစ် မတ်လနဲ့ဧပြီလမှာ တောင်တန်း ဒေသ အင်ကွာရီကော်မရှင်မေမြို့အစရှိတဲ့ အဆိုရှင်အမတ်မင်း တင်သွင်းတဲ့အတိုင်း ဖြစ်ပါတယ်။ ၁၉၄၆ ခုနှစ် မတ်လမှာ ကျင်းပခဲ့တဲ့ပင်လုံကွန်ဖရင့်မှာ ပြည်ထောင်စုနဲ့ တောင်တန်းဒေသရဲ့ အခြေအနေ၊ ဒုတိယပြည်မနဲ့ အဆက်အသွယ်ပြုလုပ်ဖို့အတွက် ပြည်မမှာရှိတဲ့ ခေါင်းဆောင်များနဲ့ တောင်တန်းဒေသမှာရှိတဲ့ နယ်အသီးသီးမှ ကိုယ်စားလှယ်တွေက ပြည်ထောင်စုထဲမှာ ပေါင်းဖို့သ ဘောတူပြီးနောက် ၁၉၄၇ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှာ ပြည်မမှာရှိတဲ့ လူထုကိုယ်စားလှယ် အားလုံးစုပေါင်းပြီး တိုင်းပြုပြည်ပြုလွှတ်တော်ကို ဖွဲ့စည်းခဲ့ပါတယ်။ ခြောက်လတိုင်တိုင် လူထု ကိုယ်စားလှယ် ၂၅၀ ဦးကဆုံးဖြတ်တဲ့မူကို ဘိလပ်အစိုးရက လက်ခံအတည်ပြုပြီး ၁၉၄၈ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ အချုပ်အခြာအာဏာပိုင်တဲ့ လွတ်လပ်ရေးကိုပေးခဲ့ပါတယ်။ လွတ်လပ် တဲ့ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဖြစ်လာတာနဲ့အမျှ တစ်ပြိုင်နက် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၁၁ နာရီအချိန်မှာ ချင်းလူထုညီလာခံကို ဖလမ်းမြို့မှာ ကျင်းပခဲ့တဲ့အတွက် အုပ်ချုပ် ရေးမူဟောင်းကနေ ဒီမိုကရေစီမူသစ်အုပ်ချုပ်ရေးကို ပြောင်းလဲခဲ့တဲ့အတွက် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်ကို ချင်းအမျိုးသားနေ့အဖြစ် ပြဋ္ဌာန်းသတ်မှတ် ရန် အကောင်းဆုံး၊ အသင့်တော်ဆုံးဖြစ်တယ်လို့ ယူဆပြီး ယင်းနေ့ကိုပင် အတည်ပြုရန် လေးလေး နက်နက် ထောက်ခံပါတယ်။

🔹ဦးဆံနိမ်း (မတူပီနယ်အမတ်)။ ကပ္ပတိန်မန်သုန်းနုန်းပြောတဲ့စကားထဲမှာ ကျွန်တော်ပြောလိုတာက ကျွန်တော်တို့ တောင်ပိုင်းချင်းတောင်မှာ ဖေဖော်ဝါရီလဆိုရင် စပါးရိတ်သိမ်းချိန်ဖြစ်နေလို့ လူထုအများစု အားလပ်ရက်မရနိုင်တဲ့အတွက် ဒီဇင်ဘာလလောက်မှာ သတ်မှတ်ပေးဖို့ပြောလိုပါ တယ်။
🔹ဦးလျန်ထုမ်း (ချင်းရေးရာကောင်စီ သဘာပတိ)။ ဦးဆံနိမ်းက ကပ္ပတိန်မန်သုန်းနုန်းအဆိုကို ထောက်ခံပါသလား (သို့မဟုတ်) ကန့်ကွက်ပါသလား။
🔹ဦးဆံနိမ်း။ ဒီဇင်ဘာလ(သို့မဟုတ်) ဇန်နဝါရီလ ၂၅ ရက်နေ့ကို သတ်မှတ်ပေးဖို့ဖြစ်ပါတယ်။
🔹ကပ္ပတိန်မန်တုန်းနုန်း။ ကျွန်တော်ပြောနေတာက ဖေဖော်ဝါရီလ ၂၀ ရက်တိုင်းမှာ လူထုအစည်း အဝေးကျင်းပပြုလုပ်ဖို့အတွက် ပြောဆိုထောက်ခံနေခြင်းမဟုတ်ပါဘူး။ ဖေဖော်ဝါရီလ ၂၀ ရက် နေ့ကို ချင်းအမျိုးသားနေ့လို့သာ အထိမ်းအမှတ်သဘောနဲ့ရှိစေဖို့အတွက် ထောက်ခံနေခြင်းဖြစ်ပါ တယ်။
🔹ဦးဆံနိမ်း။ ကျွန်တော်အဆိုကို မကန့်ကွက်ပါ။
🔹ကပ္ပတိန်မန်တုန်းနုန်း။ မူလအဆိုမှာ(ချင်းအမျိုးသားနေ့)၊ နောက်မှ (၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့) အဖြစ် ထပ်မံဖြည့်စွက်ဖို ့ အဆိုတင်သွင်းပါတယ်။
🔹ဦးလျန်ထုမ်း (သဘာပတိ)။ ပြင်ဆင်ချက်အဆိုကို ကောင်စီက ဘဘောတူပါသလား။
အမတ်အားလုံးသဘောတူသဖြင့် အောက်ပါအတိုင်းအဆိုကိုပြင်ဆင်၍ ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ် ရွေးချယ်အတည်ပြုလိုက်သည်။

“ချင်းအမျိုးသားနေ့ကို ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့အဖြစ် ရွေးချယ်သတ်မှတ်လျှင် ယင်းကိစ္စကို ဆွေးနွေး၍အတည်ပြုရန်”
“၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်” ကို “ချင်းအမျိုးသားနေ့” ဟူ၍ ချင်းရေးရာကောင်စီမှ ရွေးချယ်သတ်မှတ်အတည်ပြုပါသည်။
ဤချင်းရေးရာကောင်စီ အစည်းအဝေးမှတ်တမ်းသည် အရှင်းလင်းဆုံးနှင့် အခိုင်လုံဆုံးသော သက်သေအထောက်အထားဖြစ်သည်။ ဦးဝမ္မသူးမောင်း၏အကြောင်းပြချက်သည် ရှင်းလင်းပြတ် သားသည်။ အဘယ်ကြောင့် ချင်းအမျိုးသားနေ့ရှိသင့်သနည်း။ ကမ္ဘာအနှ့ံတွင် အမျိုးသားနေ့များ ရှိကြသည့် အစဉ်အလာရှိသောကြောင့် သူ့အနေဖြင့် ချင်းလူမျိုးတို့သည်လည်း အမျိုးသားနေ့ရှိ သင့်သည်ဟု ယူဆခြင်းကြောင့်ဖြစ်သည်။ ထိုအဆိုကို မတူပီမှဦးဆန်းနိန်းက ထောက်ခံသည်။ ဦးဝမ္မသူးမောင်းမှ ဆက်လက်တင်ပြရာတွင် သူသည်ချင်းဝိသေသတိုင်း၊ တိုင်းမင်းကြီးနှင့် ယင်းကိစ္စ ကိုဆွေးနွေးခဲ့ရာ ရက်သုံးရက်ကိုအာရုံစိုက်ထားသော်လည်း မည်သည့်ရက်ဟု မဆုံးဖြတ်ရသေး ကြောင်း၊ ချင်းကိုယ်စားလှယ်များအား စုံးစမ်းရေးကော်မရှင်ရှိရာ မေမြို့သို့ပို့သောနေ့၊ ဖလမ်းလူထု ညီလာခံ ဖေဖော်ဝါရီ (၂၀) သို့မဟုတ် ချင်းတောင်အက်ဥပဒေပြဋ္ဌာန်းသောနေ့၊ ထိုသုံးရက်ထဲမှ တစ်ရက်ကိုရွေးချယ်ပြီး “ချင်းအမျိုးသားနေ့” အဖြစ်ကြေငြာရန်ဖြစ်သည်။ ထို့နောက် ဗိုလ်ကြီးမန်တုန်းနုန်းက (Captain. Mang Tung Nung) ပင်လုံညီလာခံမှအစပြုကာ လွတ်လပ်ရေးရပြီးသည်ထိ ဖလမ်းမြို့တွင် တိုက်သူကြီးများအုပ်ချုပ်သည့်စနစ်အား လူထုမှရွေး ချယ်သော ဒီမိုကရေစီအုပ်ချုပ် ရေးစနစ်ဖြင့် အစားထိုးပြောင်းလဲရန်ဆုံးဖြတ်ခဲ့သည့် သမိုင်းအ ကြောင်းအရာများကို ရှင်းပြခဲ့သည်။ ထို့နောက် “၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့၊ နံနက် ၁၁ နာရီ” ကို ချင်းအမျိုးသားနေ့ အဖြစ်သတ်မှတ်ရန် ဆွေးနွေးတင်ပြခဲ့သည်။ ၎င်းအဆိုကို ဦးဆန်နိန်း (U Sang Nim)မှ ထောက်ခံခဲ့သည်။ သဘာပတိ ဦးလျန်ထုမ် (U Lian Thum)က ထိုအဆိုကို ကြေငြာပြီး လက်ခံခြင်းရှိ၊ မရှိကိုမေးမြန်းရာ၊ ဦးဆန်နိန်းမှ ဆက်လက်ဆွေးနွေးရာတွင် ဖေဖော်ဝါရီလသည် တောင်ပိုင်းချင်းရွာများတွင် စပါးရိတ်သိမ်းချိန်ဖြစ်လေ့ရှိပြီး လူထုအားလပ်မည် မဟုတ်ကြောင်းရှင်း ပြသည်။ အမျိုးသားနေ့ကို အခြားနေ့ရက် သို့ပြောင်းရန် အကြံပြုခဲ့သည်။ အစည်းအဝေး သဘာပတိ ဦးလျန်ထုမ်၏ ပေးမြန်းချက်အပေါ် ဦးဆန်နိန်းက အမျိုးသားနေ့မှာ ဒီဇင်ဘာလ သို့မဟုတ် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ဖြစ်သင့်ကြောင်း ပြန်ဖြေခဲ့သည်။ ဗိုလ်ကြီးမန်တုန်းနုန်းက သူ့အနေဖြင့် ထိုရက်ကို လူထုအစည်းအဝေးအတွက် ထောက်ခံရခြင်းမဟုတ်ကြောင်းနှင့် အမျိုးသားနေ့ အထိမ်းအမှတ်အတွက်ဖြစ်သည်ဟု ဆွေးနွေးရှင်းပြသည်။ ဦးဆန်နိန်းက အဆိုကိုဆန့်ကျင်ကန့်ကွက်ခြင်း မဟုတ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။ ထို့နောက် ဗိုလ်ကြီးမန်တုံးနုန်းက ပထမအဆို “ချင်းအမျိုးသားနေ့” တွင် ၁၉၄၈ ခု၊ ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၁၁ နာရီကို “ချင်းအမျိုးသား နေ့အဖြစ် သတ်မှတ်ရေးအတွက် ဆွေးနွေးရန်နှင့် ဆုံးဖြတ်ချက်ချရန်” ဟုသဘာပတိမှ ကြေငြာသည်။ ချင်းရေးရာကောင်စီ သဘာပတိ ဦးလျန်ထုမ်မှ အဆိုကို ကြေငြာပြီး လက်ခံခြင်းရှိ၊ မရှိမေးမြန်းခဲ့သည်။ တက်ရောက်သူ ကောင်စီဝင်အားလုံး ဦးဝမ္မသူးမောင်း၊ ဦးလျန်ထုမ်၊ ဗိုလ်ကြီးမန်းသုံးနုန်းနှင့် ဦးဆန်နိန်းတို့ကလက်ခံခဲ့သည်။ ထိုအစည်းအဝေးတွင် တက်ရောက်ခဲ့သည့် ချင်းရေးရာကောင်စီအတွင်းဝန် Pu R. Tuang Hmung မှလည်း လက်ခံခဲ့သည်။ သို့ဖြစ်၍ “၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့၊ နံနက် ၁၁ နာရီ” အား ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ် သည့်ဆုံးဖြစ်ချက်ကို သဘာပတိမှ အတည်ပြုခဲ့သည်။

ချင်းရေးရာကောင်စီအစည်းအဝေးမှတ်တမ်းသည် ချင်းအမျိုးသားနေ့သမိုင်းပြောကြားရာတွင် အခိုင်လုံဆုံးသက်သေအထောက်အထားဖြစ်သည်။ ကမ္ဘာအနှ့ံတွင် အမျိုးသားနေ့များရှိကြသည့် အစဉ်အလာရှိကြသည်။ ၎င်းတို့အမျိုးသားနေ့များတွင် လူမျိုးတစ်မျိုးဖြစ်ကြသည်၊ လူမျိုးတစ်မျိုး အဖြစ်တည်ရှိကြသည်ကို အထိမ်းအမှတ်ပွဲများဖြင့် ဆင်နွှဲလေ့ရှိကြသည်။ ထိုနေ့ထူးနေ့မြတ် အတွက် ရွေးချယ်ကြသောနေ့နှင့် အကြောင်းအရင်းမှာမူ မတူကြပေ။ ဥပမာ- နော်ဝေ၊ ဒိန်းမတ်၊ အိန္ဒိယ၊ မောလ်တာ၊ ပိုလန်နှင့် စလိုဗားကီးယားစသည့်နိုင်ငံများတွင် ယင်းတို့နိုင်ငံနှင့် လူမျိုး အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်ပြဌာန်း/ သုံးစွဲသည့်နေ့ကို ၎င်းတို့၏ အမျိုးသားနေ့အဖြစ် သတ်မှတ်ကြသည်။

အချို့နိုင်ငံများသည် ကိုလိုနီလက်အောက်ခံဘဝမှ လွတ်လပ်ရေး ရရှိသော နေ့ကို အမျိုးသားနေ့အဖြစ်သတ်မှတ်ကြသည်။ အချို့နိုင်ငံသည်လည်း ယင်းတို့နိုင်ငံဘုရင်မွေးနေ့ အား အမျိုးသားနေ့အဖြစ်သတ်မှတ်ကြသည်။ ယင်းကဲ့သို့ကမ္ဘာအနှ့ံတွင် အမျိုးသားနေ့များ ရှိကြသကဲ့သို့ ကျွန်တော်တို့ချင်းလူမျိုးတို့သည်လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်းရှိ လူမျိုးတစ်မျိုးအဖြစ် ထာဝစဉ်ရပ်တည်နိုင်ရေးအတွက် အမျိုးသားနေ့လိုအပ်ကြောင်း ချင်းရေးရာကောင်စီမှ နားလည်လာခဲ့သည်။ ထိုနေ့အတွက် ချင်းသမိုင်းတွင် အရေးကြီး နေ့ထူးနေ့မြတ်ဖြစ်သော ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့အား ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ ချင်းရေးရာ ကောင်စီသည် ပြောင်းလဲနေသောကမ္ဘာကြီးနှင့်အတူ ရင်ဘောင် တန်းလျှောက်လှမ်းနိုင်ရေးအတွက် အမြော်အမြင်ကြီးစွာဖြင့် ချင်းလူမျိုးအတွက် ဆောင်ရွက်ကြ ခြင်းပင်ဖြစ်သည်။

ဤချင်းရေးရာကောင်စီအစည်းအဝေးမှတ်တမ်းသည် အရှင်းလင်းဆုံးနှင့် အခိုင်လုံဆုံးသက်သေ အထောက် အထားဖြစ်သည်။ ဦးဝမ္မသူးမောင်၏အကြောင်းပြချက်သည် ရှင်းလင်းသည်။ အဘယ်ကြောင့် ချင်းအမျိုး သားနေ့ရှိသင့်သနည်း။ ကမ္ဘာအနှ့ံတွင် အမျိုးသားနေ့များရှိကြသည့် အစဉ်အလာရှိသောကြောင့် သူ့အနေ ဖြင့် ချင်းလူမျိုးတို့သည်လည်း အမျိုးသားနေ့ရှိသင့်သည်ဟု ယူဆခြင်းကြောင့်ဖြစ်သည်။ ထိုနေ့အတွက် ချင်း သမိုင်းတွင် အရေးကြီးသည့် နေ့သုံးရက်ထဲမှ နေ့ရက်တစ်ရက်ဖြစ်သော ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့အား ရွေးချယ်ကြခြင်းဖြစ်သည်။ လူမျိုးတစ်မျိုးတွင်အမျိုးသားနေ့ ရှိအံ့ရှိထိုက်သည့် အားလျော်စွာ ချင်းလူမျိုးတို့အတွက် ချင်းအမျိုးသားနေ့ကိုရုပ်လုံးပေါ်အောင် ချင်းရေးရာကောင်စီမှ အကောင်အထည်ဖော်ပေးခဲ့ခြင်းဖြစ်သည်။

ချင်းအမျိုးသားနေ့အတွက် ချင်းသမိုင်းတွင် အရေးကြီးသောနေ့ရက်များထဲမှ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၁၁ နာရီအချိန်တွင် ထိုအချိန်တုန်းက ချင်းဝိသေသတိုင်းမြို့တော် ဖလမ်းမြို့တွင် ကျင်းပသည့် လူထုညီလာခံတွင် အုပ်ချုပ်ရေးမူဟောင်းကနေ ဒီမိုကရေစီမူသစ်အုပ်ချုပ်ရေးကိုပြောင်းလဲရန် ဆုံးဖြတ်သည့် နေရက်ကို ချင်းအမျိုးသားနေ့အဖြစ် ပြဌာန်းသတ်မှတ်ခြင်းဖြစ်သည်။ ဤချင်းရေးရာကောင်စီ အစည်းအဝေးမှတ်တမ်းကြည့်ခြင်းအားဖြင့် ချင်းအမျိုးသားနေ့သည် အုပ်ချုပ်ရေးမူဟောင်းဖြစ်သည့် ပဒေသရာဇ်စနစ်အပေါ် အောင်ပွဲခံရန် ပြဌာန်းသည့်နေ့ရက် မဟုတ်ပေ။ တိုက်သူကြီး၊ ရွာသူကြီးများ ရှုတ်ချသည့် အထိမ်းအမှတ်မဟုတ်ကြောင်း ရှင်းလင်းစွာတွေ့မြင်နိုင်ပါသည်။

ချင်းအမျိုးသားနေ့အား ပထမဦးဆုံးအကြိမ် ကျင်းပခြင်း
******************************************
ပထမဆုံးအကြိမ် ချင်းအမျိုးသားနေ့ကို ၁၉၅၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် မင်းတပ်မြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပြီး နိုင်ငံတော်ဝန်ကြီးချူပ်ဦးနု ကိုယ်တိုင်ပါဝင်ဦးဆောင်သော ဂုဏ်သရေရှိပုဂ္ဂိုလ် များနှင့်အဖွဲ့များ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။ ထိုအဖွဲ့တွင် ကရင်အမျိုးသား ဝန်ကြီးဦးမန်းဘခို်င်၊ ပြည်ထဲရေးနှင့်သာသနာရေးဆိုင်ရာ ပါလီမာန်အတွင်းဝင် သခင်သာခင်၊ သစ်တောမင်းကြီးချူပ် စည်သူဦးမှန်၊ ရှမ်းပြည်နယ်ပါလီမာန်အတွင်းဝန် ဦးကြာဘူနှင့် အုပ်ချူပ်ရေး အရာရှိချုပ် ဦးအောင်ဘော် တို့ပါဝင်ကြသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတကြီးမှ သဝဏ်လွှာပေးပို့ပြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကချင်ပြည်နယ် ဝန်ကြီးများမှလည်း သဝဏ်လွှာအသီးသီးပေးပို့ကြသည်။

ပထမဆုံးအကြိမ် ချင်းအမျိုးသားနေ့ ကျင်းပခြင်းကို အခွင့်ကောင်းယူ၍ ဦးဝမ္မသူးမောင်းခေါင်းဆောင်ပြီး နောက်တစ်နေ့တွင် လူထုအစည်း အဝေးကြီး ကျင်းပခဲ့သည်။ ၎င်းအစည်းအဝေးတွင် အမျိုးသမီးများ လူမှုအဆင့် မြှင့်တင်ရေး၊ ပါးရဲထိုးခြင်းကို ဥပဒေဖြင့်တားမြစ်ရေး၊ ဆေးရုံနှင့်ဆေးပေးခန်းများ အမြန်ဖွင့်လှစ်ရေး၊ ချင်းပြည်တောင်ပိုင်းအတွက် သီးခြားတပ်ရင်းဖွဲ့စည်းရေး၊ မတူပီမြို့နယ်တွင် ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး တိုးတက်ကောင်းမွန်စေရန် အရေးယူဆောင်ရွက်ရေး၊ အလွန်မှတ်သားဖွယ် ကောင်းသောအဆိုဖြစ်သည့် စူမရာ(Somra)ဒေသနှင့် ချင်းဝိသေသတိုင်းကို ပူးပေါင်းရေး၊ ချင်းရေးရာဝန်ကြီးအား ဘဏ္ဍာရေးအခွင့်အာဏာအပ်နှင်းရေး စသည်တို့ကို အဆိုပြုဆုံးဖြတ်ခဲ့ကြ သည်။ ဤသည်မှာ ပထမဦးဆုံးအကြိမ် ချင်းအမျိုးသားနေ့ ကျင်းပရခြင်း၏ ထွက်ပေါ်ရရှိလာသည့် မပြောပလောက်သော အကျိုးဆက်ရလဒ်ပင်ဖြစ်သည်။ ချင်းအမျိုးသားနေ့သည် ချင်းတစ်မျိုးသား လုံးအား စည်းလုံးညီညွတ်ရေးကို ရရှိစေရုံသာမက မတူကွဲပြားသည့် ချင်းမျိုးနွယ်အချင်းချင်း ကျောသားရင်သားမခွဲခြားဘဲ ချစ်ခင်ရင်းနှီးစွာ တွေ့ဆုံနှီးနှောဖလှယ်ခွင့်ကိုပါ ရရှိစေခဲ့ပါသည်။

ပါလီမာန်ဒီမိုကရေစီခေတ် ချင်းအမျိုးသားနေ့ကျင်းပသည့်နေ့ရက်အား ပြောင်းလဲရန် ကြိုးပမ်းခြင်း
****************************************************************
၁၉၅၄ ခုနှစ်တွင် ဦးဇာဟရဲလျန်ခေါင်းဆောင်သည့် ချင်းတောင်ကွန်ကရက်ပါတီ (Chin Hills Congress Party) သည် ဖ.ဆ.ပ.လ ပါတီနှင့်ပူးပေါင်းပြီး ဦးဇာဟရဲလျန်သည် ချင်းရေးရာဝန်ကြီးဖြစ်လာခဲ့သည်။ ဦးဇဟရဲလျန်၏ ခံယူချက်မှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ချင်းအမျိုးသားနေ့ ကျင်းပရခြင်းသည် အမျိုးသားနေ့ အသွင်သဏ္ဍာန် မဆောင်ဘဲ တိုက်သူကြီးစနစ် ဖြုတ်ချရေး အထိမ်းအမှတ် ကိုသာဖေါ်ဆောင်ကြောင်း၊ တစ်ချို့နိုင်ငံရေးသမားများမှလည်း တိုက်သူကြီးစနစ်၏ အဆိုးဘက်ကိုသာ စူးစိုက်ရင်း ရှုတ်ချခြင်းများ နှင့် တိုက်သူကြီးတို့အား စော်ကားခြင်းများ ပြုလုပ်လာသည့်အတွက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့သည် အမျိုးသားနေ့ အသွင်သဏ္ဍာန်မဆောင်ဘဲ တိုက်သူကြီးစနစ်နှင့် တိုက်သူကြီးတို့အပေါ်အောင်ပွဲခံသည့် အထိမ်းအမှတ် အသွင်သဏ္ဍာန်ဆောင်သည်ဟု ခံယူသည်။ ထို့ကြောင့် ချင်းအမျိုးသားနေ့ ကျင်းပသည့်နေ့ရက်အား ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ အခြားတစ်ရက်သို့ ပြောင်းလဲရန် ကြိုးပမ်းခဲ့သည်။

၁၉၅၆ ခုနှစ် အောက်တိုဘာလဆန်းတွင် ကျင်းပသည့် ချင်းရေးရာကောင်စီ အစည်းအဝေးတွင် ပါလီမန်ကျင့်စဉ်နှင့်အညီ ချင်းအမျိုးသားနေ့အား ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ တစ်ခြားရက်တစ်ရက်သို့ ပြောင်းလဲကျင်းပရန် ဆွေးနွေးပြီး ဖေဖော်ဝါရီလ ၂ဝရက်နေ့တွင် ချင်းအမျိုးသားနေ့အား ကျင်းပခြင်းကို တားမြစ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုချင်းရေးရာကောင်စီ အစည်းအဝေးတွင် ချင်းပါလီမန်အမတ် ၁၄ ဦး (ပြည်သူ့လွှတ်တော် ၆ ဦး၊ အမျိုးသားလွှတ်တော် ၈ ဦး) အနက် ၁၂ ဦးမှ ထောက်ခံခဲ့ပြီး ၂ ဦးမှ ကန့်ကွက်ခဲ့သည်။

ထိုချင်းရေးရာကောင်စီ၏ ဆုံးဖြတ်ချက်ကို ဝန်ကြီးဦးဇာဟဲလျန်မှ ၁၉၅ရခုနှစ် ဇန်နဝါရီလ ၂၆ရက်နေ့၌ ဖလမ်းမြို့တွင်ကြေငြာခဲ့သည်။ တစ်ဖန် ၁၉၅၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကလေးမြို့၌ ထပ်မံကြေငြာခဲ့သည်။ ထိုကြေငြာချက်များကို ၁၉၅၇ ဇန်နာဝါရီလ ၃၁ ရက်နေ့ထုတ် The Nation သတင်းစာတွင် ဖော်ပြခဲ့သည်။ ပြည်ထောင်စု ဗမာနိုင်ငံတော်အလံတော်အား တစ်တိုင်းပြည်လုံးလှည့်လည်ပြီး (the relay in the flag carrying ceremony) အလံတော်ကြီး ဖလမ်းမြို့နှင့် ကလေးမြို့သို့ရောက်ရှိသည့်အချိန် လူထုရှေ့မှောက်တွင် ကြေငြာခဲ့ခြင်းဖြစ် သည်။

သို့သော် ချင်းအမျိုးသားနေ့အား အကောင်အထည်ဖော်ခဲ့သည့် ဦးဝမ္မသူးမောင်း၊ ဗို်လ်ကြီးမန်တုန်းနုန်း နှင့် ချင်းရေးရာကောင်စီမှ အတိုက်အခံပြုလုပ်သည့် တစ်သီးပုဂ္ဂလအမတ်နှစ်ဦးဖြစ်သည့် ဦးရိုထန်း နှင့် ဦး ဟရန်နောလာ်တို့ကမူ ဦးဇာဟဲလျန်ခေါင်းဆောင်သည့် ချင်းရေးရာကောင်စီ၏လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပြီး တားမြစ်ချက်ကို အန်တုကာ ချင်းအမျိုးသားနေ့အား ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် တီးတိန်မြို့၌ ကျင်းပရန် စီစဉ်ခဲ့ကြသည်။ ရန်ကုန်ရှိ ချင်းတက္ကသိုလ်ကျောင်းသားများမှလည်း ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး၊ ချင်းအမျိုးသားနေ့အား ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျင်းပရန်စီစဉ်ခဲ့ကြရာ Chin National Day Action Committee ကိုဖွဲ့စည်းခဲ့ကြပြီး၊ ထိုကော်မတီကို သွာလ်ခေါမန်းမှ ဦးဆောင်ခဲ့သည်။

၁၉၅၇ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထုတ် The Nation သတင်းစာတွင် “ချင်းတက္ကသိုလ်ကျောင်းသား ၉၂ဦးထဲမှ ရဝဦးကမူ ချင်းအမျိုးသားနေ့အား ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျင်းပခြင်း တားမြစ်ချက်ကို ကန့်ကွက်ခဲ့ကြသည်။ CND Action Committee သည် ဦးဇဟရဲလျန်နှင့်တွေ့ဆုံပြီး ချင်းအမျိုးသားနေ့အား ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျင်းပခွင့်ပြုရန် တောင်းဆိုခဲ့ကြသည်။ ဦးဇရဟဲလျန်မှလည်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှလွဲ၍ မည်သည့်နေရက်တွင်မဆို ကျင်းပနိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။ သို့သော် တက္ကသိုလ်ကျောင်းသားများမှ နောက်ဆုတ်ပေးခြင်းမရှိဘဲ ချင်းအမျိုးသားနေ့အား ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်သာ ကျင်းပမည်ဖြစ်ကြောင်း သူ့အားပြောကြားခဲ့သည်”။

၁၉၅၇ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထုတ် The Nation သတင်းစာတွင် ရန်ကုန်တက္ကသိုလ်မှ လိုင်မီးအမည်ခံကျောင်းသားတစ်ဦးမှ အယ်ဒီတာထံသို့ပေးစာထဲတွင် ပါဝင်သည့်အဓိကအကြောင်းအရာများမှာ “မိမိတို့ချင်းကျောင်းသားများမှာ ချင်းရေးရာကောင်စီအတိုက်အခံအမတ်များမှ လှည့်စားခြင်းဖြစ်ကြောင်း၊ မိမိသိရသလောက် ချင်းရေးရာကောင်စီမှ အမတ်များ၊ ချင်းပြည်ရှိ အုပ်ချုပ်ရေးတာဝန်ခံများ၊ ကောင်စီလာ များထံမှ သဘောတူညီမှုရရှိပြီးနောက် ဖလမ်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမတ် ဦးထန်လျန်းမှ ချင်းရေးရာကောင်စီသို့အဆိုသွင်းပြီး ဆုံးဖြတ်ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးမှ မိမိတို့အား ရှင်းပြသည်မှာ ချင်းအမျိုးသားနေ့ကိုကျင်းပရာတွင် တိုက်သူကြီးများသုံးခဲ့တဲ့စနစ် နှင့် တိုက်သူကြီးများ ပပျောက်သည့်နေ့အား ရည်စူးပြီး ကျင်းပခဲ့ကြကြောင်း၊ အခြားနိုင်ငံရေးသမားများမှလည်း ချင်းလူမျိုးတို့အတွင်း လူတန်းစားခွဲခြားခြင်းများ ပြုလုပ်လာကြရာ ချင်းအမျိုးသားနေ့တွင် တိုက်သူကြီးစနစ်အား ရှုတ်ချကြပြီး တိုက်သူကြီးတို့အား စော်ကားသည့်အပြောအဆိုများ ပြောဆိုလာကြခြင်းသည် ကျက်ပြီးသား အနာကို ဆားဖြင့်ပြန်လည်ပွတ်သကဲ့သို့ဖြစ်ကြောင်း၊ ဝန်ကြီးမှ ချင်းအမျိုးသားနေ့ ကျင်းပနိုင်ရေးအတွက် ချင်းဓလေ့ထုံးတမ်းနှင့် ဆက်နွယ်သည့် သင့်တော်သည့် ရက်တစ်ရက်ကို ရွေးချယ်မှာဖြစ်ကြောင်း မိမိတို့အားပြောကြားခဲ့သည်။ ဝန်ကြီးရှင်းပြသည့်အချက်များသည် မိမိတို့သဘောတူကြောင်း” စသည်ဖြင့်ပါဝင်သည်။

ထိုသို့ လိုင်မီးအမည်ခံ ချင်းတက္ကသိုလ်ကျောင်းသား၏ အယ်ဒီတာထံပေးစာအား CND Action Committee မှ လုံးဝကျေနပ်ခြင်းမရှိဘဲ The Nation အယ်ဒီတာထံသို့ တုန့်ပြန်စာအား ပေးပို့ခဲ့ကြရာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ထုတ်သတင်းစာထဲတွင် ပါဝင်ခဲ့သည်။ ထိုတုန့်ပြန်ချက်ထဲတွင် .. ချင်အမျိုးသားနေ့ကျင်းပခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ် ကိုပျက်ပျယ်စေမည်မဟုတ်ဘဲ ချင်းလူမျိုးများပိုမိုစည်းလုံးစေမည်ဖြစ်ကြောင်း၊ မိမိတို့အတွက် ချင်းအမျိုးသားနေ့ဟာ တိုက်သူကြီးတွေမုန်းတီးရေးကို မဖော်ဆောင်ပဲ၊ ချင်းပြည်တွင် ဒီမိုကရေစီစနစ် မွေးဖွားခြင်းကို ဂုဏ်ပြုခြင်းဖြစ်ကြောင်း၊ လိုင်းမီးဆိုသည့် ပုဂ္ဂိုလ်နှင့် မိမိတို့ တက္ကသိုလ်ကျောင်းသားများ ဆွေးနွေးခြင်းမရှိခဲ့ကြောင်း၊ စသည်ဖြင့် တုန်ပြန်ခဲ့ကြသည်။

ဦးဇလရဲလျန်ခေါင်းဆောင်သည့် ချင်းရေးရာကောင်စီမှ ချင်းအမျိုးသားနေ့အား ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျင်းပခြင်းမပြုရန် ထုတ်ပြန်ကြေငြာခဲ့သော်လည်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများသည် ချင်းအမျိုးသားနေ့အား မူလစီစဉ်ထားသည့်အတိုင်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျင်းပခဲ့ကြသည်။ နောက်ပြီး အတိုက်အခံများမှလည်း တီးတိန်မြို့တွင် ၁၉၅၇ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြပြီး ထိုနေရာတွင်ပင် ဦးဝမ္မသူးမောင်း၊ ဗို်လ်ကြီးမန်တုန်းနုန်း (တီးတိန်)၊ ဦးဟရန်နောလ်(ဟားခါး)၊ ဦးခုပ်ဇာကျင် (တီးတိန်)၊ ဦးဆောန်ကျင်းလျန် (တီးတိန်)၊ ဦးဗာဆာ (မတူပီ)၊ ဦးကီးယမ်းဇင် (တီးတိန်)နှင့် ဦးပေါင်ခေါကျင် (တီးတိန်) တို့သည် ချင်းအမျိုးသား အစည်းအရုံး (Chin National Organization) ကိုဖွဲ့စည်းခဲ့ကြသည်။

တစ်ချို့ဆောင်းပါးများတွင်မူ ဦးဇဟရဲလျန်သည် ချင်းအမျိုးသားနေ့ကို ပန်းပွဲတော်ဖြင့်အစားထိုးကာ ဒီဇင်ဘာလတွင် ကျင်းပခဲ့ကြောင်း စသည်ဖြင့်ရေးသားခဲ့ကြသည်။ Pu Chawn Kio ရေးသားသော Laimi Thawhkehnak Thuanbia စာအုပ်ထဲတွင် “၁၉၅၆ ခုနှစ် ပထမအကြိမ်ချင်းရေးရာကောင်စီအစည်းအဝေးတွင် ဦးဇဟရဲလျန်မှ ချင်းမျိုးသားနေ့ ကျင်းပမည့်ရက် ဖေဖော်ဝါရီ ၂၀ ဖျက်သိမ်းပြီး ဒီဇင်ဘာလ ၁၂ (တစ်ချို့ဆောင်းပါးများတွင် ပန်းပွဲတော်ကို ဒီဇင်ဘာလ ၄ ရက်) ရက်နေ့တွင် ပန်းဘဘင်ပွဲတော် အဖြစ်ကျင်းပရန် အဆိုသွင်းခဲ့ပြီး ဦးဟရန်နောလ် နှင့် ဦးရိုထန်းမှလွဲ၍ အမတ်အားလုံးမှ သဘောတူညီခဲ့ကြောင်း” ရေးသားခဲ့သည်။
ဤပန်းပွဲတော်အကြောင်းကို ကျွန်တော်လေ့လာနိုင်သလောက် လေ့လာရာတွင် ချင်းအမျိုးသားနေ့ အစားထိုးသည့် ပွဲတော် ဖြစ်သည်ကိုမူ ခိုင်လုံသည့် သက်သေအထောက်အထားမတွေ့ခဲ့ပေ။ ဦးဇဟရဲလျန်သည် ပန်းပွဲတော်ကျင်းပကောင်း ကျင်းပပါလိမ့်မည် ..သို့သော် .. ထိုပန်းပွဲတော်သည် ချင်းအမျိုးသားနေ့ အစားထိုးခြင်းဖြစ်သည်ဆိုသည့် အချက်ကိုမူ ခိုင်လုံသည့် သက်သေအထောက်အထားမတွေ့ခဲ့ပေ။ ဦးဇဟရဲလျန် အတ္တုပ္ပတ္တိထဲတွင် …. သူသည် ဒီဇင်ဘာလတွင် ချင်းပြည်တွင် ခရီးနှင်နေကြောင်းရေသားထားသည်။ သူ့ရဲ့ပြိုင်ဘက် နိုင်ငံရေးသမားများမှလည်း ဦးဇဟရဲလျန်သည် ချင်းအမျိုးသားနေ့ကို သူ့မွေးနေ့အဖြစ် သတ်မှတ်ကြောင်း စသည်ဖြင့် မဟုတ်မမှတ် စွပ်စွဲကြကြောင်း။ မိမိ၏ မွေးနေ့မှာ ဖေဖော်ဝါရီလ ၂၂ ရက်ဖြစ်ကြောင်း… ရေးသားခဲ့သည်။

ကျွန်တော်လေ့လာနိုင်သလောက်လေ့လာရာ ချင်းအမျိုးသားနေ့အား ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျင်းပခြင်းမပြုရန် တားမြစ်ခြင်းကို ၁၉၅၇ ခုနှစ် ဇန္နဝါရီလ ၃၁ ရက်နေ့တွင် ထုတ်ဝေသော The Nation သတင်းစာဖော်ပြချက်အရ ၂၁၊ ၁၊ ၁၉၅၇ နှင့် ၂၄၊ ၁၊ ၁၉၅၇ တို့တွင်သာ တရားဝင်ကြေငြာခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုသတင်းစာ ကြေငြာချက်များတွင် ချင်းအမျိုးသားနေ့အား ဖေဖော်ဝါရီ ၂၀ ရက်နေ့အစား အခြားတစ်ရက်သို့ ပြောင်းလဲခြင်းဖြစ်ကြောင်း ထုတ်ဖော်ခြင်းမရှိခဲ့ချေ။ ဦးဇဟရဲလျန်ခေါင်းဆောင်သည့် ချင်းရေးရာကောင်စီသည် ချင်းအမျိုးသားနေ့ ဖျက်သိမ်းခြင်းမဟုတ်ဘဲ ချင်းအမျိုးသားနေ့ ကျင်းပသည့်နေ့ရက် ဖေဖော်ဝါရီလ ၂၀ ရက် ကိုပိတ်ပင်တားမြစ်ပြီး အခြားတစ်ရက်သို့ ပြောင်းလဲရန် ကြိုးပမ်းခြင်းဖြစ်ရာ ချင်းအမျိုးသားနေ့အတွက် သင့်တော်သည့်နေ့ရက် ပြန်လည်ရွေးချယ်ရန်ဖြစ်သည်။ ချင်းတက္ကသိုလ်ကျောင်းသားများ ဖွဲ့စည်းသည့် CND Action Committee နှင့် ဦးဇဟရဲလျန်နှင့်တွေ့ဆုံသည့် အချိန် (၁၉၅၇ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထုတ် The Nation သတင်းစာ) တွင်လည်း ချင်းအမျိုးသားနေ့အတွက် သင့်တော်သည့် နေ့ရက်ကို ရွေးချယ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၁၉၅၇ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထုတ် The Nation သတင်းစာတွင်လည်း ဝန်ကြီးဦးထန်လျန်းမှ ချင်းအမျိုးသားနေ့ ကျင်းပနိုင်ရေးအတွက် ချင်းဓလေ့ထုံးတမ်းနှင့် ဆက်နွယ်သည့် သင့်တော်သည့် ရက်တစ်ရက်ကို ရွေးချယ်မှာဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။ ဤမှတ်တမ်းများကို ကြည့်ခြင်းအားဖြင့် ၁၉၅၆ ခုနှစ်အတွင်း ချင်းအမျိုးသားနေ့ အစားထိုးသည့်နေ့ရက် သတ်မှတ်ခြင်းမရှိသည်ကို တွေ့ရှိနိုင်သည်။

ပန်းပွဲတော်အကြောင်းကို Pu Hrangtar Nawnkhar မှ ထိုအချိန်က ချင်းကောင်စီအမတ် ဦးရိုထန်းအားမေးမြန်းသည့် အကြောင်းကို သူရေးသားသော ချင်းအမျိုးသားနေ့စာအုပ် (စာ-၃၁) ထဲတွင် … “သူ (ဦးရိုထန်း) ကဆက်လည်ပြီး ဦးဇာဟရဲလျန်သည် ပန်းသဘင်ပွဲတော်ကို ဒီဇင်ဘာ ၄ ရက်နေ့တွင် စည်းရုံးကျင်းပခဲ့ကြောင်းကိုလည်း ထောက်ပြပြောဆိုသော်လည်း ထိုသို့ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်နှင့် အဓိပ္ပါယ်ကိုကား ထင်မြင်ချက်ရန် ငြင်းဆန်ခဲ့သည်။ ဦးဇာဟရဲလျန်က မည်သည့်အကြောင်းပြသည်ကို သူ့အနေဖြင့် ကောင်းစွာမမှတ်မိတော့ကြောင်း”ဟူ၍ရေးသားထားသည်။ ထို့ကြောင့် ဦးဇဟရဲလျန်သည် ပန်းပွဲတော် ကျင်းပကောင်း ကျင်းပါလိမ့်မည် ..သို့သော် .. ထိုပန်းပွဲတော်သည် သူ့ပြိုင်ဘက်များ စွပ်စွဲသလို ချင်းအမျိုးသားနေ့ အစားထိုးသည့် နေ့ရက်ဖြစ်သည်ဆိုသည့် အချက်ကိုမူ အတည်ပြုနိုင်ရန် လုံလောက်သည့် သက်သေအထောက်အထား မတွေ့ရှိခဲ့ချေ။

၁၉၅၈ ခုနှစ် ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖ.ဆ.ပ.လ) ပါတီနှစ်ခြမ်း ကွဲပြီးနောက် အိမ်စောင့်အစိုးရတက်လာခဲ့သည်။ ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် အိမ်စောင့်အစိုးရ သည် ၁၉၅၈ ခုနှစ် အောက်တိုဘာမှ စတင်အသက်ဝင်ခဲ့ပြီး အစိုးရကိုပြန်လည်ဖွဲ့စည်းခဲ့ရသည်။ ဗိုလ်ချုပ်နေဝင်းသည် ချင်းရေးရာဝန်ကြီးအတွက် ချင်းရေးရာကောင်စီမှ ရွေးကောက်ခံအမတ်များမှ ရွေးချယ်စေခဲ့သည်။ ထို့ကြောင့် ချင်းအမတ်များအကြား မဲခွဲခဲ့ရတော့သည်။ ချင်းအမတ် ၁၄ ဦးထဲမှာ ဦးဇဟရဲလျန်တို့ သန့်ရှင်း ဖ.ဆ.ပ.လ ဘက်မှာ ရပ်တည်သူ ၇ ဦးရှိပြီး ဦးဘဆွေနှင့်ဦးကျော်ငြိမ်းခေါင်းဆောင်သည့် တည်မြဲ ဖ.ဆ.ပ.လ. ဘက်မှာ ရပ်တည်သူ ၇ ဦး ရှိသည့်အတွက် ချင်းဝန်ကြီးမရွေးချယ်နိုင်ခဲ့ကြပေ။ ဖလမ်းမြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးထန်းလျန်သည် အစပိုင်းတွင် သန့်ရှင်းဘက်က ရပ်တည်ခဲ့သော်လည်း တည်မြဲဘက်မှ သူ့အားဝန်ကြီးနေရာအတွက် ကမ်းလှမ်းလာခဲ့ကြသည်ကို လက်ခံခဲ့ပြီး တည်မြဲဘက်သို့ ၈-၇ ဖြစ်လာသည့်အတွက် ဦးထန်းလျန်သည် ချင်းရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ သူဝန်ကြီးဖြစ်လာပြီးပြီးချင်း ၁၉၅၉ ခုနှစ်တွင် ချင်းအမျိုးသားနေ့အား ဖေဖော်ဝါရီလ ၂၀ ရက်နေ့အဖြစ် တရားဝင်ပြန်လည်သတ်မှတ်ခဲ့သည်။

၁၉၆၀ ရွေးကောက်ပွဲအပြီးတွင် ဦးဇဟရဲလျန် ချင်းရေးရာဝန်ကြီးအဖြစ် ပြန်လည်ရွေးချယ်ခြင်း ခံခဲ့ရပြီး ချင်းရေးရာဝန်ကြီးအဖြစ် သူတာဝန်ထမ်းဆောင်သည့် ၁၉၆၀ ခုနှစ်မှ ၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်သည့်စစ်တပ်မှအာဏာ မသိမ်းပိုက်သည်အထိ ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီလ ၂၀ ရက််နေ့တွင် တရားဝင် ဆက်လက်ကျင်းပခဲ့ကြသည်။ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်သည့် ၁၃ ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို ထိုအချိန် ချင်းဝိသေသတိုင်းမြို့တော် ဖလမ်းမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါသည်။ ထိုအခမ်းအနားအတွက် ချင်းရေးရာဝန်ကြီး ဦးဇဟဲလျန်သည် နိုင်ငံတော်ဝန် ကြီးချုပ်ဦးနုနှင့် ပြည်ထောင်စုဗမာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Mr. William P.Snow တို့အား အထူးဧည့်သည်တော်အဖြစ် ဖိတ်ခေါ်ခဲ့ပြီး မြို့တော်ဖလမ်းတွင် ချင်းအမျိုးသားနေ့အား ပါဝင်ဆင် နွှဲခဲ့ကြသည်။

ထိုချင်းအမျိုးသားနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးနုမှ မိန့်ခွန်းပြောကြားရာတွင် ချင်းအမျိုးသားများ စည်းလုံးညီညွတ်ရန် တိုက်တွန်းပြီး ဗမာပြည်တွင်းရှိ အခြားလူမျိုးများနှင့်အတူ လွတ်လပ်ရေးကို ကာကွယ်ရန်နှင့် လူမှုဘဝဖူလှုံရေးကို အားပေးရန်တိုက်တွန်းခဲ့သည်။ ဝန်ကြီးချုပ်ဦးနုသည် ချင်းပြည်သို့ ဒုတိယအကြိမ်မြောက် ရောက်ရှိခြင်းပင်ဖြစ်သည်။ ပထမအကြိမ်သည် ၁၉၅၁ ခုနှစ် မင်းတပ်မြို့တွင် ပထမဦးဆုံးအကြိမ်ကျင်းပသည့် ချင်းအမျိုးသားနေ့ တွင်ဖြစ်သည်။

ချင်းအမျိုးသားနေ့မှ ၀ိသေသတိုင်းနေ့၊ ပြည်နယ်နေ့အဖြစ်သို့ ပြောင်းလဲရန် ကြိုးပမ်းခြင်း
*******************************************************************
၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီအစိုးရ တက်လာကာ ၁၉၆၄ လောက်မှစပြီး ချင်းအမျိုးသားနေ့အား ချင်းဝိသေသတိုင်းနေ့သို့ ပြောင်းလဲရန် ကြိုးပမ်းလာခဲ့ကြပါတယ်။ တော်လှန်ရေးကောင်စီအစိုးရမှ ဖွဲ့စည်းခဲ့သော ချင်းဦးစီးအဖွဲ့သည် ချင်းအမျိုးသားနေ့ ဗိသုကာရှင် တစ်ဦးဖြစ်သည့် ချင်းရေးရာဝန်ကြီးဟောင်း ဦးဝမ္မသူးမောင်းထံသို့ “ချင်းအမျိုးသားနေ့”ကို “ချင်းဝိသေသတိုင်းနေ့” ဖြင့် အစားထိုးရန်သင့်မသင့် အကြံညဏ်တောင်းသည့် စာတမ်းများကိုလည်း ရေးသားပေးပို့ခဲ့ ကြရာတွင် ဦးဝမ္မသူးမောင်းမှ “ဤချင်းအမျိုးသားနေ့ ဖေါ်ထုတ်ရာတွင် ပြည်နယ်အချင်းချင်း အားဖြင့်သော်လည်းကောင်း၊ လူမျိုးအချင်းချင်းအားဖြင့်သော်လည်းကောင်း ပုဂ္ဂိုလ်အားဖြင့် သော်လည်းကောင်း ထိခိုက်နစ်နာစေလိုသည့် ရည်ရွယ်ချက်လုံးဝမရှိခဲ့ချေ။ ပြည်ထောင်စုတစ် ခုလုံး လွတ်လပ်သည်နှင့်အမျှ လူမျိုးတစ်မျိုးတွင် မိမိတို့အမျိုးသားနေ့သည် ရှိသင့်ရှိထိုက်သည့် နေ့ထူးနေ့မြတ်ဖြစ်သည့် အားလျော်စွာ ပြည်ထောင်စုအဖွဲ့ဝင်လူမျိုးတိုင်းတွင် မိမိတို့လူမျိုးအသီး သီး၏ အမျိုးသားနေ့များကို အကောင်အထည်ဖေါ်ရန် အချိန်ကျရောက်လာသည်နှင့်အမျှ ချင်းရေး ရာဝန်ကြီးနှင့် ချင်းရေးရာကောင်စီပါလီမန် အမတ်များ၊ လူထုကိုယ်စားလှယ်များ၊ ချင်းဝိသေ သတိုင်း အနယ်နယ်အရပ်ရပ်ရှိ လူထုခေါင်းဆောင်များအားလုံး၏ သဘောတူညီထောက်ခံချက် အရ “ချင်းအမျိုးသားနေ့” ကို အကောင်အထည်ဖေါ်ခဲ့ခြင်းဖြစ်သည်”ဟု “ချင်းအမျိုးသားနေ့” အား ခိုင်လုံသော သမိုင်းအချက်အလက်၊ ဆီလျှော်သောကြိုးကြောင်းများဖြင့် ချင်းအမျိုးသားနေ့ကို ချင်းဝိသေသတိုင်းနေ့ ဖြင့် ပြင်ဆင်သတ်မှတ်ရန်ကြိုးပမ်းခြင်းကို ကန့်ကွက်ခဲ့သည်။

တဖန် ၁၅.၂.၁၉၆၆ တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် မန္တလေးနန်းတွင်းအစည်းအဝေးတွင် ချင်းအမျိုသားနေ့ကို ချင်းဝိသေသတိုင်းဖြစ် ပြောင်းလဲခေါ်ဝေါ်သတ်မှတ်ရေး အဆိုကို ချင်းဦးစီးအဖွဲ့က ကထောက်ခံအတည်ပြု သတ်မှတ်ခဲ့ကြသည်။ တစ်ဖန် ၁၉.၂.၆၆ မင်းတပ်မြို့ပါတီယူနစ် ခန်းမတွင် ချင်းဝိသေသတိုင်းနေ့အဖြစ်ပြောင်းလည်းသတ်မှတ် ခေါ်ဝေါရေးကိုညှိနှိုင်းပွဲတွင် တိုင်းဒေသပါတီမှ ဗိုလ်မှူးမြင့်သိန်း၊ ချင်းဦးစီးအဖွဲ့ဝင်ဦးဝမ္မသူးဟာရှိန်း၊ ဦးပွတ်ပါ၊ ဦးတင်ဇမ်း၊ မြို့နယ်ပါတီယူနစ်မှ ဗိုလ်ကြီးမြတ်စိုး၊ ဦးဖေလိန်းမောင်း၊ ဗိုလ်ကြီးရဲမင်း၊ ဦးဝမ္မသူးမောင်း နှင့် သခင်အောင်မင်း တို့တက်ရောက်ခဲ့ကြသည်။ ချင်းရေးရာဦးစီးအဖွဲ့ဥက္ကဌကြီး ဦးဆွန်ခိုလျန်မှာ မူပါဝင်တက်ရောက်ခြင်းမရှိခဲ့ပေ။ အစိုးရအဖွဲ့မှ ကြိုတင်ရေးဆွဲထားသော အစီအစဉ်ဖြစ်သည့် ချင်းအမျိုးသားနေ့ကို ချင်းဝိသေသတိုင်းနေ့ အဖြစ်အသွင်ကူးပြောင်းရေးကို အဆိုးသွင်းပြီး ချင်းဝိသေသတိုင်းနေ့အဖြစ် ပြောင်းလဲသတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်းအဆို နှင့် စပ်လျဉ်း၍ ဦးဝမ္မသူးမောင်းနှင့် သခင်အောင်မင်းတို့အနေဖြင့် ကန့်ကွက်ခြင်းမပြုသော်လည်း ထောက်ခံခြင်းကား မပြုခဲ့ကြပေ။

ချင်းဝိသေသတိုင်း အဓိပ္ပါယ်မှာ အခြားတိုင်း၊ပြည်နယ်များ ထက် အဖက်ဖက်တွင်နိမ့်ကျဆင်းရဲနေရခြင်းအား ဖက်စုံဖွံဖြိုးတိုးတက်အောင် အထူးဦးစားပြု ဆောင်ရွက်ပေးရမည့်ဒေသဟု အဓိပ္ပါယ်ရသည်။ ချင်းအမျိုးသားနေ့မှာ တိုင်းတပါးသားနယ်ချဲ့ ဗြိတိသျှတို့အား အမျိုးသားစည်းလုံးညီညွှတ်မှုစွမ်းအားဖြင့် မဆုတ်မနစ်တိုက်ပွဲဝင်ခဲ့ကြရာ ရည်မှန်းချက်ပန်းတိုင်ပေါက်မြောက်သည့်နေ့၏ အမှတ်သိင်္ကေတဖြစ်၍ သူ့အနှစ်သာရနှင့် သူ့အဓိပ္ပါယ်အရ လူမျိုးတမျိုး၏ ထူးခြားသောသမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်းရှင်းလင်း ပြောကြားခဲ့ကြသည်။ ဤသို့ဖြင့် ၁၉၆၆ ဖေဖော်ဝါရီလ (၂၀) ရက်နေ့ (၁၈) ကြိမ်မြောက်ချင်းအမျိုးသားနေ့အား ချင်းဝိသေသတိုင်းနေ့အဖြစ် မင်းတပ်မြို့တွင် ကျင်းပခဲ့ကြလေသည်။

ထိုသို့ ချင်းအမျိုးသားနေ့အား ချင်းဝိသေသတိုင်းနေ့သို့ ပြောင်းလဲကျင်းပသည်ကို ချင်းလူထုမှ ကန့်ကွက်ခဲ့ကြသည်။ ထို့ကြောင်း ချင်းအမျိုးသားနေ့အဖြစ်သာ ထားရှိရန် ချင်းရေးရာဦးစီးအဖွဲ့ရုံးက ၁၁-၇-၁၉၆၆ ခုနှစ် နေ့စွဲပါ စာအမှတ် ယက-၂၉၊ (၀၄) ၁ ဖြင့် တော်လှန်ရေးကောင်စီ ဥက္ကဌရုံးသို့တင်ပြခဲ့ကြသည်။ တော်လှန်ရေးကောင်စီအစိုးရသည်လည်း “ချင်းအမျိုးသားနေ့” အမည်ကို ဆက်လက်ထားရှိကြောင်း ချင်းပြည်သူများ စိတ်ချယုံကြည်စေရန် ၂၅-၁၁-၁၉၆၆ နေ့စွဲပါစာအမှတ် ဥဆ ၁၅-ဗ၊ ၆၆ ဖြင့် စာထုတ်ပြန်ခဲ့သည်။ တော်လှန်ရေးကောင်စီ၏ ပြန်ကြားချက်ကို ချင်းဦးစီးအဖွဲ့ရုံးက ၉-၁-၁၉၆၇ ခုနှစ်၊ ရက်စွဲပါစာအမှတ်၊ ယက-၂၉၊ ၀၄(၂) အရ ချင်းဝိသေသတိုင်းရှိဌာနအားလုံး၊ နမခတိုင်းမှူး (မန္တလေး)၊ အတွင်းဝန်၊ ပြန်ကြားရေးဌာန၊ ရန်ကုန်သို့ (အသံလွှင့်ပေးရန်နှင့် သတင်းစာတွင် ကြေငြာပေးရန်) မေတ္တာရပ်ခံချက်ဖြင့် ဖြန့်ဝေပေးပို့ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် ကျရောက်သည့် ၁၈ ကြိမ်းမြောက်ချင်းအမျိုးသားနေ့သာ ချင်းဝိသေသတိုင်းနေ့အဖြစ် ကျင်းပခဲ့ကြသည်။

တစ်ခါတစ်လေ “ချင်းအမျိုးသားနေ့” ကို “ချင်းပြည်နယ်နေ့” ဟု မှားယွင်းစွာခေါ်ဝေါ်တတ်ကြသည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၃-၁-၁၉၇၄ ခုနှစ်တွင် အတည်ပြုခဲ့ရာ ယင်းဥပဒေပုဒ်မ (၃၀)၊ ပုဒ်မခွဲ (ခ) အရ “ချင်းဝိသေသတိုင်း” ကို “ချင်းပြည်နယ်” ဟုပြောင်းလဲခေါ်ဝေါ်လာခဲ့ကြသည်။ ထို့ကြောင့် “ချင်းအမျိုးသားနေ့” နှင့် “ချင်းပြည်နယ်နေ့” တို့မှာ သီးခြားစီဖြစ်ပါသည်။

တစ်ဖန် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မ.ဆ.လ)ခေတ်တွင် ပြသနာဖြစ်ခဲ့ရပြန်သည်။ မြန်မာ့ဆို ရှယ်လစ်လမ်းစဉ်ပါတီအနေဖြင့် တိုင်းရင်းသားလူမျိုးစုများ၏ မျိုးချစ်စိတ်ဓာတ်သည် တိုင်းပြည် တွင်း သောင်းကျန်းမှုကို အားပေးပင့်မြှောက်သည်ဟု ယုံကြည်ကြပြီး “အမျိုးသား” ဟူသောစကား လုံးအစား “ပြည်နယ်” စကားလုံးဖြင့် ပြန်လည်အစားထိုးလာရာ “ချင်းအမျိုးသားနေ့”ကို “ချင်းပြည်နယ်နေ့”ဖြင့် ပြောင်းလဲကျင်းပရန် အမိန့်ထုတ်ခဲ့ကြသည်။ သို့ရာတွင် မ.ဆ.လ ပါတီဝင်သစ္စာရှိသည့် ချင်းလူမျိုးများသည် ပါတီတွင်း၌ပင် ဆူညံကျယ်လောင်စွာ ကန့်ကွက်ခဲ့ကြသည်။ မတူပီမြို့နယ်မှ ဦးမန်လျန်း (ကွယ်လွန်) သည်ပါတီဝင်ဖြစ်လျက်နှင့် ဟားခါးမြို့ရှိ ဒေသပါတီရုံးသို့ လူကိုယ်တိုင် သွားရောက်ကန့်ကွက်ခဲ့သည်။ ဟားခါးနှင့် ရန်ကုန် အကြားကြေး နန်းစာများ ပလူပျံခဲ့ရသည်။ နောက်ဆုံး ဤအားပြိုင်မှုဖြင့် မည်သည့်အကျိုးမှ ရရှိမည်မဟုတ်ဟု ပါတီဗဟိုဌာနချုပ်မှ ယူဆသဖြင့် မူလအခြေအနေအတိုင်းပင် “ချင်းအမျိုးသားနေ့” ဟုပြန်လည် သတ်မှတ်ခဲ့သည်။ ထို့နောက် ၁၉၈၈ နောက်ပိုင်း နိုင်ငံတော်ငြိမ််ဝပ်ပိပြားရေးတည်ဆောက်ရေး (န.၀.တ) ခေတ်၊ နို်င်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ(န.အ.ဖ)ခေတ်တွင် “ချင်းအမျိုးသားနေ့” ကို ချင်းပြည်နယ်နေ့ အမည်ဖြင့်သာ တရားဝင်ကျင်းပခွင့်ပြုခဲ့သည်။

သို့သော်လည်း မည်သည့်အစိုးရက မည်သို့ပင်၊ ပိတ်ပင်တားမြစ်စေကာမူ ချင်းလူမျိုးတို့သည် မိမိကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ကိုယ်ပိုင်ထုံးတမ်းဓလေ့ ပိုင်ဆိုင်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် လူမျိုးတစ်မျိုးဖြစ်သည်ကို သိသာထင်ရှား၊ ထင်ဟပ်စေရန် ချင်းအမျိုးသားနေ့ကို နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ချင်းအမျိုးသားနေ့အဖြစ် ကျင်းပကြပါသည်။ အကြွင်းမဲ့အာဏာဆုပ်ကိုင်ထားသည့် စစ်အစိုးရခေတ်တွင်တောင်မှ မြန်မာပြည်အတွင်းရှိ ချင်းတက္ကသိုလ်ကျောင်းသူ၊သားများသည် တားမြစ်ချက်မျိုးစုံကို အံတုကာ ရှေ့တန်းမှ ဦးဆောင်ပြီး ချင်းအမျိုးသားနေ့ အမည်ဖြင့်သာ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြသည်။ အနယ်နယ်အရပ်ရပ်ရှိ ချင်းလူမျိုးများသည်လည်း နာမည်ပြောင်းလဲစေခြင်းကို လက်မခံဘဲ ချင်းအမျိုးသားနေ့ အမည်ဖြင့်သာ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြသည်။ သို့သော် ချင်းပြည်အတွင်း၊ ပြည်နယ်အစိုးရ ဦးဆောင်ပြီး ကျင်းပသည့် ချင်းအမျိုးသားနေ့များတွင်မူ ချင်းပြည်နယ်နေ့ အဖြစ်သာ တရားဝင် ကျင်းပလေ့ရှိသည်။

၂၀၁၀ ရွေးကောက်ပွဲပြီးနောက် သမတ္တ ဦးသိန်းစိန် တာဝန်ထမ်းဆောင်စဉ် မြန်မာနိုင်ငံ တော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံး အပစ်အခပ် ရပ်စဲရေးသဘောတူစာချုပ်များ ချုပ်ဆိုလာခဲ့ကြရာ၊ အစိုးရနှင့် ချင်းအမျိုးသားတပ်ဦး သည်လည်း အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြသည်။ အစိုးရနှင့် ချင်းအမျိုးသားတပ်ဦး အကြား ချုပ်ဆိုသည့် ၂၀၁၂ ခုနှစ် မေလ ၇ ရက်နေ့ သဘောတူ ညီချက်ထဲတွင် “နှစ်ဦးနှစ်ဖက်အနေဖြင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့အား ချင်းအမျိုးသားနေ့အဖြစ် တစ်ဖန် တရားဝင်အသိအမှတ်ပြုရေး ကြိုးပမ်းရန်” ဆိုသည့်အချက်ပါဝင်သည်။ နောက်ပြီး ၂၀၁၂ ခုနှစ် ဒီဇင်လာလ ၇-၉ ရက်အကြား ပြုလုပ်သည့် ပြည်ထောင်စုအဆင့် ဆွေနွေးပွဲ (ဒုတိယအကြိမ်)တွင် ချုပ်ဆိုထားသည့် သဘောတူညီချက်ထဲတွင် … ချင်းပြည်နယ်အစိုးရမှ ဖေဖော်ဝါရီလ ၂၀ ရက်နေ့အား ချင်းပြည်အတွင်း ရုံးပိတ်ရက်အဖြစ်သတ်မှတ်နိုင်ရေး ဆောင်ရွက်ရန်အချက်နှင့် ချင်းဝိသေသတိုင်းမှ ချင်းပြည်နယ် သို့ ပြောင်းလဲသည့်နေ့ရက် ဇန်နဝါရီလ ၃ ရက်နေ့ကို ချင်းပြည်နယ်နေ့အဖြစ် သတ်မှတ်ရေး ဆောင်ရွက်ရန် ဆိုသည့်အချက်များလည်းပါဝင်သည်။ ခယုအခါတွင်မူ ချင်းပြည်နယ်တွင် ပြည်နယ်အစိုးရမှ ဦးဆောင်ပြီး ချင်းအမျိုးသားနေ့အား ချင်းအမျိုးသားနေ့အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပနေပြီဖြစ်သည်။

နိဂုံး
****
၁၉၅၀ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့တွင် ကျင်းပသည့် ချင်းရေးရာကောင်စီ အစည်းအဝေးသည် အရေးကြီးလှပေသည်။ ချင်းလူမျိုးများအတွက် ထာဝရဥဒါန်းတွင်ရစ်မည့် နေ့ထူးနေ့မြတ်ကိုမူ ချင်းခေါင်းဆောင်များက အကောင်ထည်ဖော်နိုင်ခဲ့ကြသည်။ ဤချင်းရေးရာကောင်စီ အစည်းအဝေး မှတ်တမ်းသည် ချင်းအမျိုးသားနေ့သမိုင်း လေ့လာရာတွင် အရှင်းလင်းဆုံးနှင့် အခိုင်လုံဆုံး သက်သေအထောက်အထားဖြစ်သည်။ ထိုအစည်းအဝေးအစတွင် ဦးဝမ္မသူးမောင်းသည် ကမ္ဘာအနှ့ံတွင် အမျိုးသားနေ့များရှိကြသည့် အစဉ်အလာရှိသကဲ့သို့ ကျွန်တော်တို့ ချင်းလူမျိုး များသည်လည်း အမျိုးသားနေ့ရှိသင့်သည်ဟု ယူဆပြီး နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့ အဖြစ် ရွေးချယ်ခဲ့ကြသည်။ အုပ်ချုပ်ရေးမူဟောင်းဖြစ်သည့် ပဒေသရာဇ်စနစ်ကျဆုံးခြင်းအပေါ် အောင်ပွဲခံခြင်းမဟုတ်ပေ။ တိုက်သူကြီး၊ ရွာသူကြီးများ ရှုတ်ချသည့် ပွဲမဟုတ်ပေ။ ထို့ကြောင့် ချင်းအမျိုးသားနေ့တွင် အုပ်ချုပ်ရေးမူဟောင်းဖြစ်သော ရှေးခေတ်တိုက်သူကြီးစနစ်အား ရှုတ်ချပြောဆိုမှုများ၊ တိုက်သူကြီး များအား ဝေဖန်ပြောဆိုမှုများမပြုလုပ်ရန် အရေးကြီးလှပေသည်။

ချင်းပြည်အရပ်ရပ်ရှိ တိုက်သူကြီး များသည် ချင်းတောင်တန်း အတွက် လယ်မြေခွဲဝေရာတွင်လည်းကောင်း၊ အခွန်ကောက်ခံရာ တွင်လည်းကောင်း၊ ယဉ်ကျေးမှု နှင့် ထုံးတမ်းစဉ်လာများတွင်လည်းကောင်း ယင်းတို့ခေတ်နှင့် လျော်ညီစွာ အကောင်းဆုံးစဉ်းစား တွေးခေါ်ကာ အုပ်ချုပ်ခဲ့ကြသူများဖြစ်သည်။ ဒုတိယကမ္ဘာစစ် အပြီးတွင် ချင်းပြည်၏ အနာဂတ်ခရီး အတွက် ဗြိတိသျှ၊ ဗမာနှင့် အခြားတိုင်းရင်းသားများဖြင့် အားကြိုးမာန်တက် ဆွေးနွေးခဲ့ကြသည်။ ချင်းပြည်ကြီးအတွက် ပြည်မနှင့်တောင်တန်းတစ်ပြိုင် တည်း လွတ်လပ်ရေးရယူရန်အတွက် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သူများဖြစ်သည်။ ပြည် ထောင်စု မြန်မာနိုင်ငံတော်ကြီး တည်ထောင်ရာတွင်လည်း စွမ်းစွမ်းတမံ ကြိုးပမ်းကြသူများဖြစ် သည်။ ယင်းတို့၏ ကြိုးပမ်းမှုကြောင့် ချင်းလူမျိုးတို့သည် လွတ်လပ်သော လူမျိုးအဖြစ်သို့ ရောက်ရှိ ခဲ့ပြီး ယင်းမှတဆင့် ချင်းအမျိုးသားနေ့ပါ မွေးဖွားလာခဲ့ခြင်း မဟုတ်ပါလော။ ထို့ကြောင့် ချင်းအမျိုး သားနေ့တွင် တိုက်သူကြီးများနှင့် ၎င်းတို့ကျင့်သုံးခဲ့သောစနစ် ရှုတ်ချပြောဆိုမှုများ ရှောင်ကြဖို့ လိုအပ်ပါသည်။

• ချင်းအမျိုးသားနေ့သည် ချင်းလူမျိုးများ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအတွင်းတွင် နေထိုင်ကြသော လူမျိုးတစ်မျိုးဖြစ်သည်ကို ကမ္ဘာ့အလယ်တွင် အခိုင်အမာ သက်သေထူနိုင်သည်။
• ချင်းအမျိုးသားနေ့သည် ချင်းလူမျိုးများ ကိုယ်ပိုင်ယဉ်ကျေးမှု၊ စာပေ နှင့် ကိုယ်ပိုင် ရိုးရာထုံးတမ်းဓလေ့ ပိုင်ဆိုင်သော လူမျိုးတစ်မျိုးဖြစ်ကြောင်းကို ကမ္ဘာ့အလယ်တွင် ပြသနိုင်သည်။
• ချင်းအမျိုးသားနေ့သည် ချင်းလူမျိုးများ မိမိတို့၏လူမျိုးဖြစ်တည်မှုကို ဂုဏ်ယူဝင့်ကြွားကြသူများဖြစ်ကြောင်း ထင်းရှားစေပြီး မျိုးချစ်စိတ်ဓာတ်ကိုလည်း ပိုမိုရှင်သန်စေပါသည်။
• ချင်းအမျိုးသားနေ့သည် ချင်းလူမျိုးများ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ပြီး တိုင်းပြည်နှင့်လူမျိုး အကျိုးသယ်ပိုး ထမ်းရွက် ဆောင်ရွက်ကြသူများ ပိုမိုပေါများပြားလာစေပါသည်။

ချင်းအမျိုးသားနေ့သမိုင်း တစ်လျှောက်တွင် ချင်းအမျိုးသားနေ့အား အမျိုးမျိုးပြောင်းလဲရန် ကြိုးပမ်းခဲ့ကြသည်။ ၁၉၅၄-၅၈ ကာလ ချင်းအမျိုးသားနေ့အား ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျင်းပခြင်းမပြုရန် တားမြစ်သည့်အချိန်တွင်လည်း အတိုက်ခံပါတီမှ ခေါင်းဆောင်ပြီး ချင်းအမျိုးသားနေ့ကို စည်းကားစွားကျင်းပခဲ့ကြသည်။ ချင်းတက္ကသိုလ်ကျောင်းသား၊သူများမှလည်း တားမြစ်ချက်ကို အံတုကာ ချင်းအမျိုးသားနေ့အား ကျင်းပခဲ့ကြပါတယ်။ တစ်ဖန် တော်လှန်ရေးကောင်စီအစိုးရခေတ်တွင်လည်း ချင်းအမျိုးသားနေ့အား ၀ိသေသတိုင်းနေ့အဖြစ် ပြောင်းလဲရေး ချင်းပြည်သူလူထု၊ ချင်းပါတီဝင်ခေါင်းဆောင်များရဲ့ ကန့်ကွက်မှုကြောင့် တော်လှန်ရေးကောင်စီအစိုးရသည်လည်း ချင်းအမျိုးသားနေ့အား ပြောင်းလဲနိုင်ခြင်းမရှိခဲ့ချေ။ တစ်ဖန် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်တွင်လည်း ချင်းပြည်သူလူထု၊ ချင်းပါတီဝင်ခေါင်းဆောင်များရဲ့ ကန့်ကွက်မှုကြောင့် ချင်းပြည်နယ်နေ့သို့ ပြောင်းလဲနိုင်ခြင်းမရှိခဲ့ကြချေ။ ၁၉၈၈ နောက်ပိုင်း နိုင်ငံတော်ငြိမ််ဝပ်ပိပြားရေးတည်ဆောက်ရေး (န.၀.တ) ခေတ်၊ နို်င်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ(န.အ.ဖ)ခေတ်တွင်လည်း ချင်းလူမျိုးများ၊ ချင်းတက္ကသိုလ်ကျောင်းသူ၊သားများသည် အာဏာရှင်တို့၏ အမိန့်ကို အံတုကာ ချင်းအမျိုးသားနေ့အဖြစ်သာ နှစ်တိုင်းကျင်ပခဲ့ကြပါသည် (ပြည်နယ်အစိုးရဦးဆောင်သည့် အခမ်းအနားများမှ လွဲ၍)။

ချင်းအမျိုးသားနေ့သမိုင်း တစ်လျှောက်တွင် ချင်းအမျိုးသားနေ့အား အမျိုးမျိုးပြောင်းလဲရန် ကြိုးပမ်းခဲ့ကြသော်လည်းဘဲ မည်သည့်အစိုးရ၊ မည်သူကမျှ ချင်းပြည်သူလူထု၏ ဆန္ဒအပေါ်ကျော်လွန်ပြီး အောင်မြင်နို်င်ခြင်းမရှိခဲ့ချေ။ ချင်းအမျိုးသားနေ့သည် ဦးဝမ္မသူးမောင်း ခေါင်းဆောင်သည့် ချင်းရေးရာကောင်စီ အကောင်ထည်ဖော်ခဲ့သည် အတိုင်းပင် ယနေ့တိုင်ရှိနေဆဲဖြစ်သည်ကို ကြည့်ခြင်းအားဖြင့် သူတို့၏ဆန္ဒနှင့် ချင်းပြည်သူလူထု၏ ဆန္ဒသည် တစ်ထပ်တည်း ရှိနေလျက်ဖြစ်သည်မှာ သမိုင်းမှသက်သေခံလျှက်ရှိနေပါသည်။ ချင်းအမျိုးသားနေ့သည် မနေ့ ယနေ့ နောင်ကာလတိုင် မပြောင်းမလဲဘဲ ထာဝစဉ် တည်မြဲနေမည်သာဖြစ်ပါသည်။
(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ ့ကိုဂုဏ်ပြုပါသည်။ ချင်းအမျိုးသားနေ့ သက်တော်ရာကျော် ရှည်ပါစေ။ ချင်းအမျိုးသားနေ့အား ပျော်ရွှင်စွာဆင်နွှဲနိုင်ကြပါစေ …
+++++++++
References:
1. Falam Centenary Megazine – U Vum Thu Maung speech given at 1951 Chin National Day
2. Chin National Day by Hrangtar Nawnkar (Source – Report from D.C, Chin Special Division Chin Files pg.77 History Department, Rangoon University)
3. Falam Centenary Megazinie – A speech by U Vum Thu Maung
4. ချင်းဖိုင်တွဲ စာအမှတ် ၇၇၊ စာမျက်နှာ ၁၃ (University Historical Research Center, ရန်ကုန်တက္ကသိုလ်)
ချင်းရေးရောကောင်စီ အစည်းအဝေးမှတ်တမ်း၊ အမျိုးသားမော်ကွန်းဌာန ရန်ကုန်မြို့၊ စာအမှတ် Acc-24084
5. A Chin National Day by Fred Ceu Luai published in the Guardian Newspaper

Leave a Reply

Your email address will not be published. Required fields are marked *